ပါကစ္စတန်တွင် မူးယစ်ဆေးသုံးစွဲမှု တိုးလာကြောင်း ကုလ အစီရင်ခံစာတွင် ဖော်ပြ

ပါကစ္စတန်တွင် မူးယစ်ဆေးသုံးစွဲမှု တိုးလာကြောင်း ကုလ အစီရင်ခံစာတွင် ဖော်ပြ

ပါကစ္စတန်နိုင်ငံရှိ မူးယစ်ဆေးစွဲမှု အခြေအနေက မနှစ်မြို့ဖွယ်ရာ ဖြစ်နေကြောင်း မကြာသေးခင်က ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။ မူးယစ်ဆေးစွဲမှုက ပါကစ္စတန်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာတစ်ခုဖြစ်ပြီး ကျောင်းသားကလေးများအကြားတွင်လည်း တရားမဝင် မူးယစ်ဆေး သုံးစွဲမှုက ပိုများလာသည်။

ပါကစ္စတန်တွင် မူးယစ်ဆေးစွဲသူဦးရေ စုစုပေါင်းက ၇ ဒသမ ၆ သန်း ရှိပြီး ၎င်းတို့အနက် ၇၈ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကာ ကျန် ၂၂ ရာခိုင်နှုန်းက အမျိုးသမီးများဖြစ်ကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါနိုင်ငံတွင် မူးယစ်ဆေးစွဲသူ အရေအတွက်က တစ်နှစ်လျှင် ၄၀၀၀၀ နှုန်းဖြင့် တိုးလာလျက် ရှိပြီး ထိုအခြေအနေက ပါကစ္စတန်ကို ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးဒဏ်အခံရဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်စေကြောင်း အဆိုပါ တူညီသော အစီရင်ခံစာကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

“မူးယစ်ဆေးဝါး အသုံးပြုမှုတွေ မြင့်တက်လာချိန်မှာ အစိုးရအနေနဲ့ မူးယစ်ဆေး ရောင်းချသူတွေ အထူးသဖြင့် လူငယ်တွေကို ရောင်းချပေးသူတွေကို ဖမ်းမိရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ၊ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ဖို့ လိုပါတယ်” ဟု ပင်တိုင်ဆောင်းပါးရှင် ဟာဘီဘာ ဆီရာဂျ်က Dawn သတင်းစာကို ပြောသည်။

နိုင်ငံတွင် မူးယစ်ဆေးဝါး အလွဲသုံးမှုကို ထိန်းချုပ်ရန်နှင့် မူးယစ်ဆေးစွဲနေသူများကို ကုသမည့် နည်းလမ်းများ ဖော်ဆောင်ရန် မဟာဗျူဟာများ လိုအပ်ကြောင်း ပါကစ္စတန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဝန်ကြီး ရှာဇာအင် ဘက်ဂ်တီက ပြီးခဲ့သည့်လက အလေးပေးပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly