ပါကစ္စတန်၏ စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ဟု လွှတ်တော်အမတ်များ ပြောကြား

By Daily Hunt
27 November 2022
ပါကစ္စတန်၏ စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ဟု လွှတ်တော်အမတ်များ ပြောကြား

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်နေခြင်းနှင့် ဒေါ်လာငွေတန်ဖိုး မြင့်တက်မှုအပါအဝင် လက်ရှိ နိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) ပါတီမှ လွှတ်တော်အမတ်များက ပြောကြားကြသည်ဟု The Nation မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်အမျိုးသားလွှတ်တော်၏ ဘဏ္ဍာရေးနှင့် အခွန်ဝင်ငွေဆိုင်ရာ အမြဲတမ်းကော်မတီသည် ကော်မတီဥက္ကဋ္ဌ ကိုင်ဆာ အာမက်ဒ် ရှိတ်ခ်၏ ဦးဆောင်မှုအောက်တွင် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်နေမှု၊ ဒေါ်လာငွေတန်ဖိုး မြင့်တက်နေခြင်းတို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) ပါတီမှ အမျိုးသားလွှတ်တော်အမတ်များက ထုတ်ဖော်ကြသည်။

ငွေကြေးဖောင်းပွမှုနှင့် ဒေါ်လာငွေတန်ဖိုး မြင့်တက်မှုတို့ကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ကော်မတီ ဥက္ကဋ္ဌ ကိုင်ဆာ အာမက်ဒ် ရှိတ်က ပြောသည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၇ လ တာအတွင်း အစိုးရဘက်က မည်သည့် ပြုပြင်ပြောင်းလဲမှုများကို စတင်ထားသလဲဟု ကိုင်ဆာက မေးခွန်းထုတ်ခဲ့ကြောင်း The Nation မီဒီယာက ဖော်ပြသည်။

လက်ရှိ အာဏာရအစိုးရသည် ချေးငွေများကို ဆက်လက် ရယူနေကြောင်းနှင့် ထိုသို့ ငွေဆက်ချေးနေခြင်းက စီးပွားရေး အကျပ်အတည်းကို ပြေလည်စေလိမ့်မည် မဟုတ်ကြောင်း ကိုင်ဆာ အာမက်ဒ် ရှိတ်ခ်က ပြောသည်။

ပါကစ္စတန် ဖက်ဒရယ်အခွန်ဘုတ်အဖွဲ့ (FBR) သည် လက်ရှိ ဘဏ္ဍာနှစ်၏ ဇူလိုင်-အောက်တိုဘာ ကာလအတွင်း ရူပီး ၂၁၄၉ ဘီလီယံ ကောက်ခံထားခဲ့ကြောင်းနှင့် လျာထားချက်က ရူပီး ၂၁၄၄ ဘီလီယံဖြစ်ကြောင်း ကိုင်ဆာ အာမက်ဒ် ရှိတ်ခ်က ပြောသည်။ ထို့အတွက်ကြောင့် အခွန်ဘုတ်အဖွဲ့သည် ဝင်ငွေခွန် ကောက်ခံမှု လျာထားချက်ကို ပြည့်မီအောင် လုပ်ဆောင်ထားနိုင်ခဲ့သည်။

သို့သော် အခွန်ဘုတ်အဖွဲ့အနေဖြင့် ၄ လအတွင်း ရောင်းခွန်နှင့် အကောက်ခွန် လျာထားချက်များကို ပြည့်မီအောင် လုပ်နိုင်ခြင်း မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required