တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန်နစ္စတန်တွင် တိုးတက်မှုကင်းမဲ့နေဟု ပါကစ္စတန်‌ ပြစ်တင်

By Tribune
27 November 2022
တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန်နစ္စတန်တွင် တိုးတက်မှုကင်းမဲ့နေဟု ပါကစ္စတန်‌ ပြစ်တင်

အာဖဂန်နစ္စတန်တွင် တာလီဘန် အုပ်ချုပ်မှုသက်တမ်းကာလ ၁၆ လကြာ ရှိလာချိန်တွင် ပါကစ္စတန်က တာလီဘန်အစိုးရအပေါ် ဝေဖန်အပြစ်ဖို့ထားသည့် အကဲဖြတ်ချက်တစ်ရပ်ကို မကြုံစဖူး ထုတ်ဖော်ခဲ့သည်။

အာဖဂန်နစ္စတန်၏ လက်ရှိ ကြားဖြတ်အစိုးရသည် အားလုံးပါဝင်ကိုယ်စားပြုသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန်၊ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် အကြမ်းဖက်အဖွဲ့များကို အမြစ်ဖြတ်ရှင်းလင်းရန် ပျက်ကွက်ထားကြောင်း ပါကစ္စတန်က ပြောသည်။

တာလီဘန်လက်အောက် တိုးတက်မှုကင်းမဲ့နေခြင်းကြောင့်အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှု၊ စီးပွားရေး အကျပ်အတည်းများနှင့် အခြားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရေးတကြီး လိုအပ်နေသော အထောက်အပံ့များကို တုံ့ဆိုင်းသွားစေခဲ့သည်ဟု ပါကစ္စတန်က မှတ်ချက်ပြုသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးသံတမန် မိုဟာမက် ဆာဒစ်သည် နိုဝင်ဘာ ၁၆ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများ တွေ့ဆုံပွဲ အစည်းအဝေးတစ်ခုအတွင်း အာဖဂန်နှင့်ပတ်သက်ပြီး ယခုအကဲဖြတ်ချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်ပြီး ကျင်းပသည့် ၄ ကြိမ်မြောက် မော်စကို အစည်းအဝေးကို ရုရှားနိုင်ငံ၏ မြို့တော်တွင် ကျင်းပခဲ့ရာ ထိုအစည်းအဝေးတွင် ရုရှား၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ပါကစ္စတန်၊ တရုတ်၊ တာ့မင်နစ္စတန်၊ အိန္ဒိယ၊ ကာဂျစ်စတန်နှင့် ဥဇဘတ်ကစ္စတန်တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ပါကစ္စတန်သံတမန် ဆာဒစ်သည် အာဖဂန်တာလီဘန် အစိုးရနှင့်ပတ်သက်ပြီး မကြုံစဖူး ခက်ထန်သည့် သဘောထားရပ်တည်ချက်ကို ထုတ်ဖော်ခဲ့ခြင်းက အာဖဂန်ရှိ ကိစ္စရပ်တချို့နှင့် ပတ်သက်ပြီး တိုးတက်မှု ရှိမနေခြင်းအပေါ် ပါကစ္စတန်အစိုးရက အားမလိုအားမရဖြစ်နေကြောင်းကို ပြသနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly