ပါကစ္စတန် ဆင်းဒ်ပြည်နယ်၏ ပညာရေးစနစ်တွင် ပြဿနာများရှိနေဟု ပြည်နယ်အစိုးရအရာရှိ ဝန်ခံ

By Devdiscourse
27 November 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်၏ ပညာရေးစနစ်တွင် ပြဿနာများရှိနေဟု ပြည်နယ်အစိုးရအရာရှိ ဝန်ခံ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်ရှိ ပညာသင်ကြားမှုစနစ်တွင် ပြဿနာအများအပြားနှင့် ရင်ဆိုင်နေရကြောင်း ပြည်နယ်ပညာရေးအတွင်းဝန် အက်ခ်ဘာ လက်ဟာရီက ဆင်းဒ်ပြည်နယ် တရားရုံးချုပ်ထံ တင်သွင်းသည့် အစီရင်ခံစာတစ်ရပ်တွင် ဝန်ခံထားသည်ဟု The Sindh Narrative က ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်အတွင်း အသက် ၅ နှစ်မှ ၁၆ နှစ်အကြား ကလေးများကို အခမဲ့ ပညာသင်ကြားပေးမှု အရေးကိစ္စနှင့်ပတ်သက်ပြီး လက်ဟာရီက တရားရုံးကို အစီရင်ခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်။

ရေကြီးမှုများနောက်ပိုင်း ဆင်းဒ်ပြည်နယ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ထားရကြောင်း The Sindh Narrative က ဖော်ပြသည်။ ရေကြီးမှုများ ဖြစ်ပြီးနောက် အဆိုပါပြည်နယ်တွင် လူနေအိမ်များ ပျက်စီးခဲ့သလို ကျွဲနွား တိရစ္ဆာန်များကိုလည်း ဆုံးရှုံးခဲ့ရသည်။ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အကြီးအကျယ် ထိခိုက်စေသလို ကျန်းမာရေး ဆိုင်ရာ စီမံခန့်ခွဲမှုပိုင်း အားနည်းလာကာ ပညာရေးပိုင်းတွင် ပို၍ပင် ယိုယွင်းဆိုးရွားနေခဲ့သည်။

ဆင်းဒ်ပြည်နယ်၏ ပညာသင်ကြားမှုအခြေအနေ ပိုမိုဆိုးဝါးလာမှုနှင့် စပ်လျဉ်းပြီး မီဒီယာများနှင့် တက်ကြွ လှုပ်ရှားသူများက မေးခွန်းထုတ်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်တို့က အရေးတယူ တုံ့ပြန်ခြင်း မရှိဘဲ ထိုကိစ္စနှင့်ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုနေကြကြောင်း The Sindh Narrative က ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်တွင် စာသင်ကျောင်းဆောင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသုံးပရိဘောဂများ လိုအပ်နေခြင်း၊ ခွင့်ပျက်ကွက်သော ဆရာများ ရှိနေခြင်း၊ မူလတန်းနှင့် အလယ်တန်း စာသင်ကျောင်းများ အချိုးအစား မညီမျှခြင်းနှင့် စီမံခန့်ခွဲမှု ပြဿနာများ ကဲ့သို့ အရေးကိစ္စများကို လက်ဟာရီက အစီရင်ခံစာတွင် အလေးပေး ထုတ်ဖော်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly