ရှင်ကျန်းတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ကိုဗစ်ကန့်သတ်ချက်အပေါ် ဆန္ဒပြမှုဖြစ်ပွား

ရှင်ကျန်းတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ကိုဗစ်ကန့်သတ်ချက်အပေါ် ဆန္ဒပြမှုဖြစ်ပွား

တရုတ်နိုင်ငံ ရှင်ကျန်းတွင် တိုက်ခန်းမီးလောင်မှုဖြစ်ပွားမှုကြောင့် လူ ၁၀ ဦးသေဆုံးပြီးနောက် ကိုဗစ်ကန့်သတ်ချက်များကို ဆန့်ကျင်ဆန္ဒပြသော ဗီဒီယိုများသည် လူမှုမီဒီယာပေါ်သို့ ပျံ့နှံ့လာသည်။

အူရမ်ကီမြို့မှ ဒေသခံများက တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့ကာ အတားအဆီးများကို ချိုးဖျက်ပြီး ကိုဗစ်အသွားအလာပိတ်ဆို့မှုအဆုံးသတ်ပေးရန် အော်ဟစ်နေသည်။

ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒချမှတ်ထားသော်လည်း တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာသည်။ အူရမ်ကီမှ အာဏာပိုင်များက ကန့်သတ်ချက်များကို ပယ်ဖျက်ပေးမည်ဟု ကတိပြုထားသော်လည်း အသွားအလာပိတ်ဆို့မှုကြောင့် နိုဝင်ဘာ ၂၄ ရက်မီးလောင်မှုတွင် လူများပိတ်မိခဲ့သည်ဟူသော အချက်ကို ငြင်းဆိုထားသည်။

အနောက်ပိုင်းရှင်ကျန်းဒေသ မြို့တော် အူရမ်ကီတွင် သြဂုတ်လအစောပိုင်းကတည်းက ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်ညက လူမှုမီဒီယာပေါ်သို့ ပျံ့နှံ့လာသော ဗီဒီယိုများ၌ ဆန္ဒပြသူများ အများစုမှာ နှာခေါင်းစည်း များ တပ်ဆင်ထားပြီး မြို့ထဲလမ်းများတွင် မှောင်ချိန်၌ စုဝေးခဲ့ကြကာ လက်သီးလက်မောင်း တန်းကာ ကြွေးကြော် သံများအော်ဟစ်၍ တာဝန်ရှိသူများနှင့် အချေအတင်ဖြစ်ခဲ့ကြသည်။

ဆန္ဒပြသူတစ်ဦးက အသံချဲ့စက်ဖြင့် အော်ဟစ်ဆန္ဒပြနေကာ တခြားဗီဒီယိုဖိုင်တစ်ခု၌ လူအုပ်ကြီးက ကာကွယ်ရေး ဝတ်စုံများဝတ်ထားသော ဝန်ထမ်းများ စောင့်ကြပ်နေသည့် အတားအဆီးကို ဖြတ်ကျော်ခဲ့ကြသည်။

ဆန္ဒပြသူများက မြို့တော်အစိုးရအဆောက်အအုံ၏ လှေကားထစ်များတွင် ဆန္ဒပြသူများ စုဝေးနေသည်ကို BBC မှ စောင့်ကြည့်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုများ၌ တွေ့ရသည်။

တရုတ်နိုင်ငံတွင် အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဆင်ဆာဖြတ်ပြီး အူရမ်ကီမြို့ဆန္ဒပြပွဲနှင့်သက်ဆိုင်သော အချက်အလက်များကို နိုဝင်ဘာ ၂၆ ရက်မနက်ပိုင်းတွင် ဖြုတ်ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly