တရုတ်က လမျက်နှာပြင်ပေါ်တွင် နျူကလီးယားစွမ်းအင်သုံး အခြေစိုက်စခန်းကို ၆ နှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေ

By Straits Times
27 November 2022
တရုတ်က လမျက်နှာပြင်ပေါ်တွင် နျူကလီးယားစွမ်းအင်သုံး အခြေစိုက်စခန်းကို ၆ နှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေ

တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာရေးတွင် နာဆာ၏လွှမ်းမိုးမှုကို ယှဉ်ပြိုင်စိန်ခေါ်ရေး အရှိန်မြှင့် နေချိန်၌ လာမည့်နှစ်များအတွင်း အာကာသယာဉ်မှူးများ မစေလွှတ်ခင် လမျက်နှာပြင်ပေါ်တွင် ပထမဆုံး အခြေစိုက်စခန်းကို ၂၀၂၈ ခုနှစ်အမီ တည်ဆောက်ရန် စီစဉ်ထားသည်။

လမျက်နှာပြင်အခြေစိုက်စခန်းကို နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်နိုင်ဖွယ်ရှိကြောင်း Caixin သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ အာကာသယာဉ်မှူးတွေဟာ ၁၀ နှစ်အတွင်းမှာ လမျက်နှာပြင်ပေါ်ကို သွားနိုင်ဖွယ်ရှိပါတယ်” ဟု တရုတ်နိုင်ငံ လမျက်နှာပြင်စူးစမ်းလေ့လာရေး အစီအစဉ်အကြီးအကဲ တီထွင်ထုတ်လုပ်သူ ဝူဝေရန်က ယခုသီတင်းပတ်၌ နိုင်ငံပိုင်ရုပ်သံ CCTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

နျူကလီးယားစွမ်းအင်သည် လမျက်နှာပြင်အခြေစိုက်စခန်း၏ ရေရှည် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်ဟု ဝူဝေရန်က ဆိုသည်။

တရုတ်နိုင်ငံသည် လပေါ်သို့ စူးစမ်းလေ့လာရေးယာဉ်များ စေလွှတ်ခြင်း၊ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက် ခြင်းနှင့် အင်္ဂါဂြိုလ်သို့အရောက်သွားနိုင်ရေး ရည်မှန်းချက်များ ချမှတ်လျက် မကြာသေးမီနှစ်များအတွင်း အာကာသဆိုင်ရာ ရည်မှန်းချက်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အဆိုပါ အစီအစဥ်များသည် အမေရိကန်နှင့် တိုက်ရိုက်ပြိုင်ဆိုင်မှုပင် ဖြစ်သည်။

တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးသည် လမျက်နှာပြင်ပေါ်သို့ လူသားများကို ပို့ဆောင်ရုံအတွက်သာမက လမျက်နှာပြင်ပေါ်တွင် သက်ရှိများနေနိုင်မည့် အရင်းအမြစ်များကို တွေ့ရှိရန်နှင့် အင်္ဂါဂြိုလ်သို့ အာကာသယာဉ် စေလွှတ်ရန် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံ သုံးစွဲလျက်ရှိသည်။

တရုတ်သည် ၂၀၁၉ ခုနှစ်က ကမ္ဘာမှ မမြင်ရသည့် လမျက်နှာပြင်ဘက်အခြမ်းသို့ ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ပြီး လ၏ မြေမျက်နှာပြင်နမူနာများကို ယူဆောင်လာနိုင်ခဲ့သည်။

ရေရှာတွေ့ရန် အကောင်းဆုံးနေရာဟု သိပ္ပံပညာရှင်များ ယူဆထားသည့် လ၏တောင်ဝင်ရိုးစွန်းတွင် ပထမဆုံး လအခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ထားသည်။

နာဆာကလည်း လမျက်နှာပြင်၏ ထိုအစိတ်အပိုင်းကို ပစ်မှတ်ထားနေသလို တရုတ်ကလည်း အခြေစိုက်စခန်းကို နောက်ဆုံးတွင် နိုင်ငံတကာ သုတေသနစခန်းတစ်ခုအဖြစ် တိုးချဲ့ရန် ရည်ရွယ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required