ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့်လက်တွဲလက်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ပြောကြား

By Straits Times
27 November 2022
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့်လက်တွဲလက်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသည်ကို ခေါင်းဆောင် ကင်ဂျုံအွန်းအား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားသည် အပြင်းထန်ဆုံးစမ်းသပ်မှုတစ်ခုအဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်ပြီး အမေရိကန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ၎င်းလက်နက်များက ယှဉ်ပြိုင်နိုင်ကြောင်း ထုတ်ဖော်ပြောကြားပြီးရက်ပိုင်းအကြာတွင် သမ္မတရှီ၏ သတင်းစကားထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ၊ ခေတ်နှင့် သမိုင်းကြောင်း ပြောင်းလဲမှုများသည် မကြုံစဖူးသော နည်းလမ်းများဖြင့် ဖြစ်ပေါ် နေသောကြောင့် မြောက်ကိုရီးယားနှင့် ပူးပေါင်းရန် ဆန္ဒရှိသည်ဟု သမ္မတရှီက ပြောကြားခဲ့ကြောင်းနှင့် ပြီးခဲ့သည့် လက တရုတ်ကွန်မြူနစ်ပါ တီညီလာခံက ရှီကို တတိယသက်တမ်း ခန့်အပ်ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ထံမှ ဂုဏ်ပြုစကားကို လက်ခံရရှိကြောင်း သတင်းစကားတွင်ပါရှိသည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ဖော်ပြသည်။

မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် မပစ်လွှတ်မီ ရက်ပိုင်းအလိုတွင် ရှီသည် အင်ဒိုနီးရှားတွင် ပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့ပြီး ဘိုင်ဒင်က တရုတ်သည် မြောက်ကိုရီးယား ထပ်မံအရှိန်မြှင့်လာမည်ကို မြင်ချင်မည်မဟုတ်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအား ထိန်းချုပ်ရေးအတွက် အရေးအပါဆုံး မဟာမိတ်နှင့် စီးပွားရေးအကျိုးပြုသူအဖြစ် သြဇာအာဏာကို အသုံးပြုစေလိုကြောင်း အမေရိကန်က တရုတ်ကို ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က ပစ်လွှတ်လိုက်သော ဒုံးကျည်သည် အမေရိကန်ပြည်မကြီးကို ထိမှန်နိုင်သော အကွာအဝေးထိရောက်သည့် မြောက်ကိုရီးယား၏နောက်ဆုံးထုတ် တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပုံရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား၏ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချရန် နိုင်ငံ ၁၄ နိုင်ငံအနက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် အိန္ဒိယတို့နှင့် အလွတ်သဘော ဆွေးနွေးခဲ့သည်။

တရုတ်နှင့် ရုရှားတို့ နိုဝင်ဘာ ၂၁ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ အမည်များကို မထည့်သွင်းရန် ပြောခဲ့ကြောင်း အနောက်နိုင်ငံသံတမန်တစ်ဦးက AFP သို့ ပြောသည်။

အစောပိုင်းက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအတွက် မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှု တင်းကျပ်ရန် မေလက အမေရိကန်ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုကို တရုတ်နှင့်ရုရှားက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required