အာဖဂန်တွင် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုအတွက် တာလီဘန်တို့ ဖြေရှင်းချက်ပေးရန် ကုလ တောင်းဆို

By Daily Hunt
26 November 2022
အာဖဂန်တွင် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုအတွက် တာလီဘန်တို့ ဖြေရှင်းချက်ပေးရန် ကုလ တောင်းဆို

အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ တာလီဘန်တို့က အမျိုးသမီးတက်ကြွလှုပ်ရှားသူတချို့ကို ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် (UNAMA) က ထုတ်ဖော်လိုက်သည်။ ထို့ပြင် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအတွက် ဖြေရှင်းချက်ပေးရန် UNAMA က တာလီဘန်တို့ကို တောင်းဆိုခဲ့သည်။ အဆိုပါနိုင်ငံတွင် တာလီဘန်လက်အောက် အမျိုးသမီးများအပေါ် ပိတ်ပင်ကန့်သတ်မှုများ ဆက်ရှိနေသည်။

“အာဖဂန်အမျိုးသမီး အခွင့်အရေး ခုခံကာကွယ်သူ ယက်ဂ်ဟူဘီ ဇာရီဖာနဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ ပြီးခဲ့တဲ့ နှစ်ပတ်အကြာက ဖမ်းဆီးခံခဲ့ရတယ်။ သူတို့ကို ပြန်လွှတ်ပေးရပါလိမ့်မယ်။ အမျိုးသမီးတွေကို အသံတိတ်အောင် လုပ်တာနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ထိန်းချုပ်ကန့်သတ်တာက သူတို့အပေါ်တွင်မကပါဘူး လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်ပါတယ်။ အာဖဂန်ပြည်သူအားလုံးအနေနဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့ ရရပါလိမ့်မယ်” ဟု UNAMA က တွစ်တာတွင် ရေးသည်။

ကဘူးလ်အနောက်ပိုင်းမှ အမျိုးသမီးတက်ကြွလှုပ်ရှားသူ ဇာရီဖာ ယာကော့ဘီနှင့် လုပ်ဖော်ကိုင်ဘက် ၄ဦးတို့ ဖမ်းဆီးခံရပြီးနောက် အချို့ကိုလည်း တာလီဘန်တို့က ဖမ်းဆီး သို့မဟုတ် ဖျောက်ဖျက်ခဲ့သည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ အခြေအနေက ဆိုးဝါးနေပြီး ၎င်းတို့သည် ယမန်နှစ် ဩဂုတ်လက နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဘဝများဖြင့် နေထိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အာဖဂန်အမျိုးသမီးများကို အများပြည်သူဆိုင်ရာ ပန်းခြံများကို မသွားရောက်ရန် တာလီဘန်တို့က ပိတ်ပင်ခဲ့သည်။ ထို့ပြင် ရှာရီယာ ဥပဒေနှင့် ဆန့်ကျင်နေသဖြင့် အာဖဂန်အမျိုးသမီးများကို အများသုံး ရေချိုးခန်းများ သွားရောက်မှုအပေါ် ပိတ်ပင်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required