အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် ဟောပြောပွဲ KWHRO ပြုလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် ဟောပြောပွဲ KWHRO ပြုလုပ်

နိုဝင်ဘာလ ၂၆ ရက်

အိန္ဒိယနိုင်ငံ နယ်စပ်ကျေးရွာတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူအမျိုးသမီးများနှင့် အတူ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO )က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုအဖြစ် ဟောပြောပွဲကို နိုဝင်ဘာလ ၂၆ရက်နေ့ တွင် ကျင်းပကြကြောင်း သိရသည်။

“အဓိကကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အကုန်လုံး အတူတကွပူးပေါင်းပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ အကြောင်းကို ဟောပြောတာ အသိပညာပေးတာတွေ အကြမ်းဖက်မှု အမျိုအစားတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာတွေကို အသိပေးတာလုပ်ဆောင်ကြမှာပါ” ဟု လှုပ်ရှားမှုတွင်ပါဝင်သူ Boinu က မဇ္စျိမကို ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ ၁၀နေ့အထိ အသိပညာပေး ဟောပြောခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းဆိုသည်။

လတ်တလောတွင် စစ်ဘေးရှောင်မိသားစုများအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အိမ်တွင်းအကြမ်းဖက်မှုများကို KWHRO က

ကူညီ‌ေဖြရှင်းပေးနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ တမူးမြို့အတွင်းရှိ အမျိုးသမီးများမှာ သွားရေး၊ လာရေး လုံခြုံမှုမရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ နှုတ်သရမ်း၊ လက်ရမ်းကားမှုအမျိုးမျိုးကို အမျိုးသမီးများ ကြုံတွေ့ခံစားနေရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများ လုံခြုံမှုမရှိတော့သည့် အခြေအနေတွင် အမျိုးသမီးများအတွက် “လုံခြုံမှုဆိုတာဘာလဲ” ဆိုသည့် မေးခွန်း ထုတ်ရမည့်အခြေအနေမျိုးဖြစ်ပြီး ပို၍ မလုံမခြုံဖြစ်နေကြောင်း Boinu က ဆက်လက် ပြောဆိုသည်။

စားဝတ်နေရေးမှအစ အရာအားလုံးခက်ခဲနေကြသည့်အခြေအနေများအောက်တွင် အမျိုးသမီးများသည် ၎င်းတို့ခံစားနေရသည့် အကြမ်းဖက်မှုများကို ထုတ်ဖော်ပြောဆိုရန် အင်အားမရှိဖြစ်နေကြောင်းပြောပြသည်။

နိုင်ငံတကာနှင့် မြန်မာ့အရေးလုပ်ဆောင်နေသူများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံမပေါ်ပေါက်စေရန် ယခုမှစ၍ အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် အဆိုပါ အမျိုး သမီးအရေးလုပ်ဆောင်သူများက တိုက်တွန်းပြောကြားခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly