ပြင်ဦးလွင်သို့ အာဏာသိမ်း စစ်ခေါင်းဆောင်လာမည်ဖြစ်၍ နေအိမ်ခေါင်မိုးနှင့်ဝင်းခြံများ ဆေးသုတ်ထားရန် ဖိအားပေးခိုင်းစေ

ပြင်ဦးလွင်သို့ အာဏာသိမ်း စစ်ခေါင်းဆောင်လာမည်ဖြစ်၍ နေအိမ်ခေါင်မိုးနှင့်ဝင်းခြံများ ဆေးသုတ်ထားရန် ဖိအားပေးခိုင်းစေ

နိုဝင်ဘာလ ၂၆ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်တချို့ကို စစ်ကောင်စီက ရက်ချိန်းဖြင့်အပြီး ဖယ်ရှားရှင်းလင်းရန် စေခိုင်းနေပြီး အိမ်တိုင်းတွင် ဆေးမသုတ်မနေရ အမိန့်ဖြင့် ဆေးသုတ်ခိုင်းနေ၍ ဒေသခံပြည်သူများမှာ အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဖြစ်၍ လူနေဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်ခေါင်မိုးနှင့် ဝင်းခြံများတွင် ဆေးသုတ်ထားရန် ဖိအားပေးခိုင်းစေခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“တစ်မျိုးပြီး တစ်မျိုးဒုက္ခပေးတယ်။ သန်းရွှေ(စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး-အငြိမ်း စား) လက်ထက်ကပုံစံအတိုင်း တစ်နေ့တစ်မျိုး မရိုးရအောင် ဖိအားပေးနေတယ်။ ဆိုင်ခန်း တွေဖျက်ဆိုလို့ ဖျက်ပေးနေတုန်း အခုတစ်ခါ ထပ်လာပြန်ပြီ။ အိမ်ဆေးသုတ်ရ မယ်တဲ့။ သတ်မှတ်ရက်အတွင်းမပြီးရင် ဥပဒေပုဒ်မ အတိုင်းပဲတဲ့။ အခုက ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး။ တစ်မြို့လုံးကလူတွေ စိတ်ညစ်နေကြတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ နေအိမ်၊ ဆိုင်ခန်း ဝန်ထမ်း အိမ်ရာနှင့် ဌာနဆိုင်ရာရုံးများ၏ မျက်နှာစာနှင့်ဝန်းကျင်ကိုအလှဆင်စေခိုင်းခြင်း၊ နေအိမ် အဆောက်အဦများ ခေါင်မိုးများနှင့်ဝင်းခြံတံတိုင်းများအား ဆေးသုတ်ပြုပြင်ခြင်းတို့ကို မိမ်အစီအစဉ်ဖြင့်မိမိပြုလုပ်ဆောင်ရွက်ရန် စစ်ကောင်စီ၏ ပြင်ဦးလွင်မြို့ နယ်စည်ပင် သာယာရေးကော်မတီက အကြောင်းကြားလာခြင်းဖြစ်ကြောင်းသိရသည်။

“မအလ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) သင်တန်းဆင်းပွဲလာမယ်ဆို ကတည်းက နေရာ တော်တော်များများ ဖျက်ပေးရတယ်။ အခုတစ်ခါထပ်ပြီး အိမ်တွေ ဆေးသုတ် ပေးရမယ်။ ခြံဝင်းတွေဆေးသုတ်ပေးရမယ်လုပ်လာတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်မြို့ ဆေးရုံကြီးအနီး ဇီဝက လမ်းပေါ်ရှိ လူနေဆိုင်ခန်း ၈၀ ခန့်ကို ဖယ်ရှား ဖျက်ဆီးစေခဲ့ပြီး ဘူတာလမ်း၊ အလက(၁) ကျောင်း မျက်နှာစာ ပတ်လည်ရှိ ဆိုင်ခန်းများ နှင့် ကျန်စာသင်ကျောင်း မျက်နှာစာ ပတ်လည်ရှိ ဆိုင်ခန်းများ၊ လူနေဆိုင်ခန်းများကို နိုဝင်ဘာလ ကုန်ပိုင်းအပြီး ဖယ်ရှားရှင်းလင်းရန် အမိန့်ဖြင့် စေခိုင်း ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းတွင် စစ်ကောင်စီ၏ တင့်ကားလေးစီးနှင့် စစ်ကားကြီး ၁၅ စီးခန့်ပါသည့် စစ်ယာဉ်တန်းသည် မန္တလေးနှင့်ပြင်ဦးလွင်မြို့သို့ အတက်အဆင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly