သပိတ်ကျင်းနှင့်စဉ့်ကူးနယ်အတွင်းရှိ စကစနှင့်ပတ်သက်သူများ ၅ ရက်အတွင်း ဒေသအတွင်းမှထွက်ခွာရန် ပြောက်ကျားတပ်ဖွဲ့က သတိပေး

သပိတ်ကျင်းနှင့်စဉ့်ကူးနယ်အတွင်းရှိ စကစနှင့်ပတ်သက်သူများ ၅ ရက်အတွင်း ဒေသအတွင်းမှထွက်ခွာရန် ပြောက်ကျားတပ်ဖွဲ့က သတိပေး

နိုဝင်ဘာလ ၂၆ ရကိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် Local ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီနှင့် ဆက်စပ်ပတ်သက်သမျှ လူအားလုံး၊ ယနေ့ကစ၍ ဒေသတွင်းကနေ ထွက်ခွာသွားကြရန် အသိပေးသတင်းထုတ်ပြန်လာသည်။

ယနေ့ နို၀င်ဘာ ၂၆ ရက်ကနေ ငါးရက်အတွင်း၊ သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်နှစ်မြို့နယ်တို့ကနေ ထွက်ခွာသွားကြရန်ဖြစ်ပြီး၊ ယနေ့နံနက် စစ်ကောင်စီဘက်တော်သား လေးဦးအား ဖမ်းဆီးအရေးယူပြီး နောက်ပိုင်း အသိပေးသတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

“သပိတ်ကျင်းမြို့နယ် ပုဏ္ဏားလေးကျေးရွာ အုပ်ကြီးလင်မယား၊ ပျူစောထီးသင်တန်းဆင်း ဇော်ခိုင်နှင့် စဉ့်ကူးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်ကြီးတို့ကို ဖမ်းဆီးပြီး၊ ခွေးကောင်စီ(စကစ) ဒေါက်တိုင်အုပ်ကြီး၊ ဒလန်၊ ပျူစောထီးတို့ သွားရာလမ်းအတိုင်း ပို့ဆောင်ပေးလိုက်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် နှစ်မြို့နယ်အတွင်းက၊ ခွေးကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့၊ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စာရေး၊ ပျူစောထီးသင်တန်းဆင်းများအား ယနေ့ ၂၆.၁၁.၂၀၂၂ရက်နေ့မှစ၍၊ ၃၀.၁၁.၂၀၂၂ရက်နေ့အထိ နှစ်မြို့နယ်အတွင်းမှ ထွက်ခွာကြဖို့ သတိပေးလိုက်သည်” ဟူ၍လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဟန်ပြထွက်စာတင်ခြင်းမျိုး လုံး၀လက်ခံမည်မဟုတ်ကြောင်းလည်း ဖော်ပြထားပြီး၊ သတ်မှတ်ရက်နောက်ပိုင်း လိုက်လံစစ်ဆေးစဉ် တွေ့ရှိပါက အကြောင်းပြချက် လက်ခံမည်မဟုတ် ကြောင်း သပိတ်ကျင်းမြို့နယ် Local ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်လင်းယုန်က ဆိုသည်။

စစ်ရေးတင်းမာနေသည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်၊ စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရသဖြင့် စစ်သားသေဆုံးမှုများရှိနေသလို၊ စစ်ကောင်စီဘက်တော်သား အသတ်ခံရမှုတို့လည်း ရှိနေပြီး၊ ဒေသကာကွယ်ရေးပြောက်ကျားများဘက်တွင်လည်း အထိအခိုက်အကျအဆုံးများ ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly