အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသ

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသ

နိုဝင်ဘာလ ၂၆ ရက်

ရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလ ၂၆ ရက် တွင် ပြသကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နယူးဒေလီမြို့ Budella MCD Hall တွင် မွန်းလွဲ၂ နာရီနှင့် ညနေ ၆ နာရီ တို့တွင် ပြသခြင်းဖြစ်ပြီး အစီစဉ်ဖြစ်မြောက်ရေးအတွက် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် Spring Revolution လိုဂိုပါ တီရှပ်များနှင့် အိတ်အမျိုးမျိုးကို ရန်ပုံငွေရရှိရေးအတွက် ရောင်းချထားပြီး မြန်မာ့ရိုးရာ အစားအသောက်များကိုလည်း ရုပ်ရှင်ပြပွဲတွင် ခင်းကျင်းရောင်းချကြောင်း သိရသည်။

ဝင်ကြေးလက်မှတ်တစ်စောင်ကို ရူပီး ၂၀၀ ဖြင့် ရောင်းချကာ ရရှိလာသော ရန်ပုံငွေများကို ဒါရိုက်တာ ကိုပေါက်ထံ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားကို ကမ္ဘာမကြေဘူး သီချင်းသီဆိုခြင်းဖြင့် စတင်ကာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မသောက်မိသောမိုးခါးရေ ရုပ်ရှင် ပြသခြင်း၊ ဆရာအိုက်ဇက်ခင်၊ ဆရာမင်းကိုနိုင်၊ ဒါရိုက်တာကိုပေါက် တို့မှ မိန့်ခွန်းအသီးသီးပြောကြားခြင်း အစီအစဉ်များ ပါဝင်ထည့်သွင်းထားသည်။

အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်း တစ်နေရာတွင် ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

မူလက ယခုရုပ်ရှင်ကို မြို့ကြီး လေးမြို့၏ ရုံ လေးရုံတွင် ပြသမည်ဟု ကြေညာခဲ့သော်လည်း ယခု မြို့ကြီး ၃၂ မြို့တွင် ပွဲစဉ်ပေါင်း ၅၀ ကျော် ပြသခဲ့ရသည့်အဆင့် ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly