ခင်ဦးမြို့နယ် မြစ်တော်ရွာကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးပြီး ဒေသခံ အဖိုးအိုကို သတ်ဖြတ်

ခင်ဦးမြို့နယ် မြစ်တော်ရွာကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးပြီး ဒေသခံ အဖိုးအိုကို သတ်ဖြတ်

နိုဝင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြစ်တော်ကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အဖိုးအိုတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ခင်ဦးမြို့နယ် မြတ်တော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အသက် (၆၅) နှစ်အရွယ် အဖိုး ဦးလှဝင်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“မြစ်တော်ကျေးရွာဘက် ရောက်နေတဲ့ စစ်ကြောင်းက ဒီနေ့ မနက်ခင်း ၇နာရီခွဲ လောက်မှာ နေအိမ်တွေကို စတင် မီးရှို့တယ်။ ပြီးတော့ အဖိုး ဦးလှဝင်းကို ပစ်သတ်သွားတယ်ပေါ့။ နေအိမ် ကတော့ နဂို ရှိတာက ၃၀၀ ဝန်းကျင်လောက်ရှိတာ။ အိမ် ၇၀ လောက် မီးထဲပါသွားတယ်” ဟု ခင်ဦး မြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန် ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များသည် မြစ်တော်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် နေအိမ်များအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကိုလည်း မွှေနှောက် ယူဆောင်သွားကြောင်းသိရသည်။

ယခုအခါတွင် စစ်ကောင်စီစစ်ကြောင်းသည် မြစ်တော်ရွာမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်၍ ကာကွယ် ရေးတပ်ဖွဲ့ဝင်များ နှင့် မြစ်တော်ကျေးရွာ ဒေသခံ အမျိုးသားများမှာ ရွာအတွင်းဝင်ရောက်၍ မီးငြှိမ်းသတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

မြစ်တော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် မုံလှကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် ခင်ဦး မြို့ပေါ်မှလာသည့် စစ်ကြောင်းနှင့် ပူးပေါင်း၍ သာဝတ္ထိရွာတွင် ညအိပ်ခဲ့သည်။ ထို့နောက် ရေဦးဘက်သို့ စစ်ကြောင်းတစ်ကြောင်း ၊ မြစ်တော်ကျေးရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်း နှစ် ကြောင်းခွဲ၍ ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်တော်ကျေးရွာသို့ ရောက်ရှိခဲ့သည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် မြစ်တော်ရွာ တွင် ညအိပ်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ရေဦး မြို့နယ်ဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် မြင်းဒေါင်းဈေးတန်းနှင့် မြင်းဒေါင်းကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူများ၏အိမ်အတွင်းမှ စားနပ်ရိက္ခာများကို ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ ပြည်သူတွေ မနေတော့တဲ့ အိမ်တွေထဲကနေပြီးတော့ ဆန်တို့ ၊ စားစရာတို့ကို အနီးနားမှာရှိတဲ့ ရွာသစ်ကုန်းက ပျူစောထီးရွာထဲကို သယ်ကြတယ်။ ပြီးတော့ မြင်းဒေါင်းရဲ့ အရှေ့ဘက်မူးတိမ်ချောင်းတံတားနားက သူတို့နေတဲ့စခန်းကို သယ်ကြတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ မှ စတင်ကာ ယခုအချိန်အထိ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာပေါင်း ၁၁ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာမီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် အလုံးပေါင်း ၇၀၄ လုံးအထိမီးလောင်ပျက်စီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly