သေဆုံးစစ်သားများ၏ မိခင်ဖြစ်သူတို့၏ ‘စိတ်ဆင်းရဲဒုက္ခ’ကို မျှဝေခံစားရသည်ဟု ပူတင် ပြော 

သေဆုံးစစ်သားများ၏ မိခင်ဖြစ်သူတို့၏ ‘စိတ်ဆင်းရဲဒုက္ခ’ကို မျှဝေခံစားရသည်ဟု ပူတင် ပြော 
Photo - AFP

နိုဝင်ဘာ ၂၆

ယူကရိန်းစစ်ပွဲအတွင်း ချစ်သူခင်သူများ ဆုံးရှုံးခဲ့ရသူများ၏ စိတ်ဆင်းရဲဒုက္ခကို မျှဝေခံစားရသည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က တိုက်ပွဲဝင်နေရကြသည့် စစ်သားများ၏ မိခင်ဖြစ်သူ အစုအဖွဲ့တစ်ရပ်ကို သောကြာနေ့က ပြောသည်။ 

 ယူကရိန်းတွင် ရုရှတပ်များ ပရမ်းပတာ တပ်ဆုတ်ရခြင်းနှင့် စစ်သားများ သေဆုံးခြင်းများကြောင့် ရုရှနိုင်ငံအတွင်း စိတ်ဆိုးဒေါသများ တစ်စစ မြင့်တက်လာချိန် ပူပင်၏ အိမ်ရာ၌ ဂရုတစိုက် စီစဉ်ထားသော တိုက်ပွဲဝင်စစ်သည်များ၏ မိခင်ဖြစ်သူများနှင့် တွေ့ဆုံခြင်းကို ပြုလုပ်ခြင်း ဖြစ်သည်။ 

ထို တွေ့ဆုံမှု၌ အမျိုးသမီးတစ်ဦးသည် အမည်းရောင် ခေါင်းစည်းပဝါ ခြုံထားသည်ကို တွေ့ရပြီး မကြာသေးခင်ကမျှ တစ်စုံတစ်ဦးအား ဆုံးရှုံးခဲ့ရသည့်အသွင် ပေါ်သည်။ 

“ခင်ဗျားတို့ကို ကျွန်တော် သိစေချင်ပါတယ်၊ ကျွန်တော့် တစ်ကိုယ်ရည်နဲ့ နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်နဲ့ ဒီ စိတ်ဆင်းရဲဒုက္ခ နာကျင်မှုတွေကို မျှဝေခံစားရပါတယ်”ဟု ရုရှနိုင်ငံတွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် မိခင်များနေ့ မတိုင်မီ ယခု အုပ်စုအား ပူတင်က ပြောသည်။ 

“သားဖြစ်သူ၊ ကလေးဖြစ်သူ ဆုံးရှုံးရတာကို ဘာနဲ့မှ အစားမထိုးနိုင်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုအုပ်စုမှ အမျိုးသမီးတစ်ဦးကိုလည်း သူ့ သားဖြစ်သူက “အချည်းနှီး” သေဆုံးခဲ့ရခြင်းမဟုတ်ကြောင်း ပူတင်က ဝမ်းနည်းစကား ဆိုပြီး ယူကရိန်းတွင် ရုရှ၏ ရည်မှန်းချက်များကို ဖြည့်ဆည်းမည့် ၎င်း၏ ကတိကဝတ်များကိုလည်း ထပ်လောင်းပြောဆိုသည်။ 

ရုရှအာဏာပိုင်များသည် ယူကရိန်း၌ ထိုးစစ်ဆင်မှုများနှင့် ပတ်သက်ပြီး မည်သို့သော အများသိ ဝေဖန်မှုမျိုးကိုမဆို ထိထိရောက်ရောက် တားမြစ်နိုင်ရန် ဥပဒေကို ပြဋ္ဌာန်းလာသည်။ ရုရှစစ်သားများ သေဆုံးဒဏ်ရာရရှိသည် အမှန်နှုန်းထားကို အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု ရုရှဝေဖန်သူများက စွပ်စွဲကြသည်။ 

ယူကရိန်းရှိ “နာဇီလက်သစ်အစိုးရ”ကို ရုရှက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၁၇ ဦးပါ ယခု မိခင်များအုပ်စုကို ပူတင်က ပြောပြီး အင်တာနက်ပေါ် ဖတ်မိသည်များကို သတိနှင့် ဆင်ခြင်ရမည်ဟုလည်း ၎င်းက သတိပေးသည်။ 

“အစစ်အမှန် ဘဝဟာ တီဗီဖန်သားပြင်နဲ့ အင်တာနက်ပေါ်က အပြတွေထက် ပိုပြီး ခက်ခဲရှုပ်ထွေးပါတယ်၊ ဒီ လေလှိုင်းပေါ်က အပြော၊ အပြတွေကို ယုံစားလို့ မရဘူး”ဟု ပူတင်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly