စစ်အာဏာရှင်ကို အစောဆုံးဆန့်ကျင်ခဲ့သည့် ကြံခင်းမှ ရဲညီအစ်ကို၏ ဖခင်ဖြစ်သူ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

စစ်အာဏာရှင်ကို အစောဆုံးဆန့်ကျင်ခဲ့သည့် ကြံခင်းမှ ရဲညီအစ်ကို၏ ဖခင်ဖြစ်သူ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

နိုဝင်ဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ကို အစောဆုံးဆန့်ကျင်ခဲ့သည့် ရဲလုပ်သက် ခုနစ်နှစ်ကျော်ရှိ ရဲတပ်သား သူရိန်လင်းနှင့် ရဲလုပ်သက် လေးနှစ်ကျော်ရှိ ရဲဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို နှစ်ဦး၏ ဖခင်ဖြစ်သူ နေအိမ်ကို စစ်ကောင်စီတပ်များနှင့်ရဲများက ချိပ်ပိတ်သွားကြောင်း သိရသည်။

တလိုင်းကွင်းကျေးရွာအုပ်စု ၊ တလိုင်းကွင်းကျေးရွာရှိ ရဲညီအစ်ကို နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသန့်စင်၏ နေအိမ်ကို အင်ပင်တိုက်နယ်ရဲစခန်းနှင့် ကြံခင်းရဲစခန်းမှ ရဲ လေးဦး၊ စစ်ကောင်စီတပ်သား နှစ်ဦး ၊ထွေအုပ်ရပ်ကျေးစာရေး တစ်ဦး၊ တလိုင်းကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့

က နိုဝင်ဘာလ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်၌ လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဦးသန့်စင်ကို ဖမ်းမမိလို့ သူ့အိမ်ကိုချိပ်ပိတ်တာလို့သိရတယ်။ အိမ်ပေါ်ကလူတွေလည်း အကုန်ဆင်းပေးပြီး ပစ္စည်းတွေပါ ရွှေ့သွားရပြီ"ဟု ဒေသခံကဆိုသည်။

ဦးသန့်စင်သည် စစ်အာဏာမသိမ်းမီကာလက တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်ခဲ့သည်ဟု ဦးသန့်စင်ကပြောသည်။

၎င်းအပြင် ဦးသန့်စင်၏ သားနှစ်ယောက်ဖြစ်သည့် ရဲတပ်သား သူရိန်လင်းနှင့် ရဲဒုတပ်ကြပ် တာရာလင်းတို့နှစ်ဦးကိုလည်း လူမှုကွန်ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် စာများရေးသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ထို့နောက် ရပ်ရွာဆူပူအောင် ပြုလုပ်သည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ မတ်လ အစောပိုင်းတွင် စစ်ကောင်စီက ဦးသန့်စင်ကို ဖမ်းဝရမ်းထုတ်ခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ရသည်ဟု ဆက်လက်ပြောသည်။

"ကျွန်တော့်သားနှစ်ယောက်ကို ရဲကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ထောင်တစ်နှစ်စီချပြီး၊ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်တယ်။ သားနှစ်ယောက် ထောင်ကျတာတစ်နှစ်ပြည့်ပြီး လွတ်ကာနီးတော့လည်း ထောင်တွင်းဆန္ဒပြလို့ဆိုပြီး ၅၀၅(က) နဲ့ တရားထပ်ဆွဲပြီး ထောင် သုံးနှစ်စီထပ်ချတယ်။ အခုကျတော့ PDF နဲ့ ဆက်သွယ်တယ်လို့စွပ်စွဲပီး အိမ်ကိုပါချိပ်ပိတ်သွားတယ်"ဟု ဦးသန့်စင်ကပြောသည်။

ဦးသန့်စင်သည် စစ်ကောင်စီတပ်များနှင့် ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် လွတ်မြောက်နယ်မြေတစ်နေရာတွင် ရှောင်တိမ်းနေရသည်ဟုသိရပြီး ဦးသန့်စင်၏သားများဖြစ်သည့် ရဲညီအစ်ကိုနှစ်ဦးမှာ ပုသိမ်အကျဥ်းထောင် ၌ ဆက်လက်အကျဥ်းချခံထားရသည်ဟု ဦးသန့်စင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို စစ်ကောင်စီက အကြောင်းမဲ့ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး ၎င်းတို့ဖမ်းဆီးမည့်သူကို မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ နေအိမ်ချိပ်ပိတ်ခြင်းများကို ပြုလုပ်လျှက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly