စစ်ကောင်စီက ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့် ပိတ်ပင်

စစ်ကောင်စီက ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့် ပိတ်ပင်

နိုဝင်ဘာလ ၂၅ ရက်

စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့အား နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလလယ်ကတည်းက မြို့နယ်ခြောက်ခုကို ပိတ်ထားခြင်းဖြစ်ကာ ယခုလတွင် နောက်ထပ်နှစ်မြို့အား ထပ်တိုးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစဉ်မှာပဲ ဝင်ရောက်ခွင့်ကန့်သတ်ထားတဲ့ မြို့နယ် တွေထဲမှာ စက်တင်ဘာလလယ်ကတည်းက ကန့်သတ်ထားတဲ့ မြို့နယ်ခြောက်ခုအပြင် ထပ်တိုးမြို့နယ် နှစ်ခုပါ ပါဝင်လာပါတယ်။ ပေါက်တောမြို့နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် သွားလာ ဝင်ရောက်ခွင့်တွေမရတော့ဘဲ ကျောက်တော်မြို့နယ်ကိုလည်း မြို့ပေါ်မှာသာ ဝင်ရောက်ခွင့်ရပါတော့ တယ်” ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တဝှမ်းမှ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြားနှင့် တောင်ကုတ်အပါအဝင် မြို့နယ်အများအပြား၌ စစ်ကောင်စီတပ်အနေဖြင့် ရှာဖွေဖမ်းဆီးမှုများ တိုးမြင့်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယင်းအတွက် အရပ်သား သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုကန့်သတ်ချက်များ ဆက်လက်ရှိနေသည့် အတွက် အစားအသောက်၊ ဆေးဝါးအပါအဝင် အဓိက ကုန်ပစ္စည်းများရှားပါးမှုနှင့် ဈေးနှုန်များ မြင့်တက် လာခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ ပိုမိုမြင့်တက်နေသည်ဟု UNOCHA က ဆိုသည်။

“လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့် ကန့်သတ်ချက်တွေ နဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် ခြိမ်းခြောက်မှုများဟာ မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိပါတယ်” ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီက NGO ၊ INGO နှင့် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာထောက်ပံ့ရေးအတွက် သွားလာခွင့်ကို မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်နှင့် မင်းပြားမြို့များကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နှင့် မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များအား ကုန်လမ်းရေလမ်း ပိတ် ထားသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေး အကျပ်အတည်များဖြင့် ရင်ဆိုင်နေကြကြောင်း လည်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် က မြို့နယ်အများအပြားကို စစ်ဆေးရေးများ တင်းကျပ်နေကြောင်းလည်း ဒေသခံများ၏ပြောကြားချက် အရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly