မြန်မာပြည်သူတို့၏ ပကတိအခြေအနေမှန်ကို အများသိစေရန် လုပ်ဆောင်ပေးလိုဟု ဂျပန် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ပြော

မြန်မာပြည်သူတို့၏ ပကတိအခြေအနေမှန်ကို အများသိစေရန် လုပ်ဆောင်ပေးလိုဟု ဂျပန် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ပြော

နိုဝင်ဘာလ ၂၅ ရက်

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဘဲ အကြမ်းဖက်မှုနှင့် ရင်ဆိုင်ရချိန် လွတ်လပ်ခွင့်ကို ကာကွယ်ရန် သက်စွန့် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံရှိ ပြည်သူတို့၏ ပကတိအခြေအနေနှင့်ပတ်သက်ပြီး အများသိရှိစေရန် လုပ်ဆောင်ပေးလိုကြောင်း မကြာခင်က ပြန်လွတ်လာသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီး ထောင်ဒဏ်ချခံရပြီးနောက် မကြာသေးခင် ရုတ်တရက် ပြန်လည်လွတ်မြောက်ခဲ့သည့် ကူဘိုတာက ၎င်းအနေဖြင့် မှတ်တမ်းရုပ်ရှင်များကို ဆက်လက် ရိုက်ကူးသွားရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၂၄ ရက်က The Asahi Shimbun နှင့် တွေ့ဆုံစဉ် ပြောသည်။

ကူဘိုတာသည် မြန်မာနိုင်ငံတွင် တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံကို ကြုံတွေ့ခဲ့ရသော်လည်း ယင်းအပေါ် ဖြုံခြင်း၊ မှုခြင်း မရှိဘဲ ဆက်ရှိနေသည်။ သို့သော် မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က “ကူရာကယ်ရာမဲ့” သလို ခံစားခဲ့ရကြောင်း ကူဘိုတာက ပြောသည်။

မြန်မာနိုင်ငံတွင် သုံးလခွဲခန့် အကျဉ်းကျခဲ့မှုက ၎င်းအပေါ် စိတ်ဖိစီးစေခဲ့ကြောင်း ကူဘိုတာက ဝန်ခံသည်။

“အဲဒီအချိန်တွေမှာ ကျွန်တော်ဟာ ဘာအနာဂတ်မှလည်း မမြင်ရဘဲ မျှော်လင့်ချက် ပျက်သုဉ်းသလို ခံစားခဲ့ရတယ်။ စိတ်ဖိစီးခဲ့တယ်” ဟု အသက် ၂၆ နှစ်ရှိ ကူဘိုတာက ပြောသည်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသို့ ကူဘိုတာသည် ပြီးခဲ့သည့် ဇူလိုင်လက ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဇူလိုင် ၃၀ ရက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို ရုပ်ရှင်ရိုက်ကူးနေခဲ့စဉ် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စစ်တပ်က သူ့ကို သေနတ်ဖြင့် ချိန်ပြီး မျက်လုံးအဝတ်စည်းကာ ကားတစ်စီးထဲသို့ အတင်းဝင်ခိုင်းခဲ့ကြောင်း ကူဘိုတာက ပြောသည်။

“ကျွန်တော့် စိတ်တွေ နောက်ကျိသွားတော့တာပဲ” ဟု ကူဘိုတာက ပြောသည်။

ထို့နောက် ရဲစခန်းတစ်ခု၏ ထိန်းသိမ်းရေးစင်တာတစ်ခု၌ အကျယ် ၉ ဒသမ ၇ စတုရန်းမီတာခန့်ရှိ နေရာတစ်ခုတွင် ၎င်းအပါအဝင် လူ ၂၀ ခန့်ကို ထားရှိခဲ့သည်။

“အနံ့ဆိုးတွေ ထွက်နေတဲ့ အဲဒီနေရာမှာ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ညပ်ပြီး အိပ်ခဲ့ရတယ်။တကယ့် ငရဲကျသလို ခံစားခဲ့ရတယ်” ဟု ကူဘိုတာက ပြောသည်။

ထို့နောက် ဩဂုတ် ၄ ရက်တွင် သူ့ကို ရန်ကုန် အင်းစိန်ထောင်သို့ ပို့ခဲ့ပြီး ယင်းတွင် ၁၀ စတုရန်းမီတာ ရှိ နေရာတစ်ခုတွင် တိုက်ပိတ်ခံခဲ့ရသည်။

သူသည် လျှို့ဝှက်သိမ်းထားသည့် ဘောပင်တစ်ချောင်းဖြင့် ဒိုင်ယာရီစာအုပ်တစ်အုပ် ရေးကာ သိမ်းထားခဲ့ကြောင်း ကူဘိုတာက ပြောသည်။

အောက်တိုဘာလတွင် ကူဘိုတာကို ဆူပူလှုံ့ဆော်မှု အပါအဝင် စွဲချက် သုံးခုဖြင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ပြစ်ဒဏ် ချခံရပြီးနောက် ၎င်း ပြန်လွတ်နိုင်သည့် မည်သည့်လက္ခဏာကိုမှ မမြင်ခဲ့ဟု ကူဘိုတာက ပြောသည်။

“ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်သူမှန်း မသိတော့တဲ့အထိ ကူကယ်ရာမဲ့သလို ခံစားခဲ့ရတယ်” ဟု ကူဘိုတာက ပြောသည်။

ယင်းကဲ့သို့ ဆိုးဝါးသော အခြေအနေတွင် အခြား အကျဉ်းသားများက သူ့ကို မြန်မာစကား သင်ပေးခဲ့ပြီး အားပေးစကား ပြောခဲ့သည်ဟု ကူဘိုတာက ပြောသည်။

“အဲဒီလို မျှော်လင့်ချက်ပျက်သုဉ်းနေတဲ့ အချိန်မျိုးတွေမှာ နေ့စဉ် ရှင်သန်နေနိုင်အောင် ခိုင်မာပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်မယ့် စိတ်ဓာတ်မျိုး ရှိရမယ်လို့ ကျွန်တော် သိခဲ့ရတယ်” ဟု ကူဘိုတာက ပြောသည်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းတွင် အကျဉ်းထောင် အကြီးအကဲက သူ့ကို ‘ယခု အပြင်ထွက်ပါ’ ဟု ရုတ်တရက် လာပြောခဲ့ကြောင်း ကူဘိုတာက ပြောသည်။ ကူဘိုတာသည် အကျဉ်းထောင်မှ ပြန်လွတ်ပြီး နောက်တစ်နေ့တွင် ဂျပန်သို့ ပြန်ပို့ခံရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly