ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအမှုထမ်း ၈ ဦး သေဆုံး

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအမှုထမ်း ၈ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ်နှင့် ဘာဂျော် ခရိုင်တို့တွင် နိုဝင်ဘာ ၁၆ ရက်က သီးခြားဖြစ်ပွားသော ဖြစ်စဉ်နှစ်ခုအတွင်း ရဲ ခြောက်ဦးနှင့် စစ်သား နှစ်ဦး အပါအဝင် တရားဥပဒေစိုးမိုးရေး အမှုထမ်း ရှစ်ဦး သေဆုံးခဲ့သည်။

နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ဖြစ်ပွားသော ပထမဖြစ်စဉ်သည် လက်ကီမာဝတ်ခရိုင် ကာရမ် ပါး ဧရိယာတွင် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်သွေးကြွများက ရဲကားတစ်စီးကို ပစ်ခတ်ခဲ့မှုကြောင့် ရဲအရာရှိတစ်ဦး အပါအဝင် ရဲခြောက်ဦး သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ကြောင်း တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) သူပုန်အဖွဲ့က နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အာဘတ်စ် ရဲစစ်ဆေးရေးဂိတ်မှ အဖွဲ့တစ်ဖွဲ့သည် တစ်ပတ်တစ်ကြိမ် ဖွင့်လှစ်ရောင်းချသည့် ကျွဲနွားဈေးတစ်ခု၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ဝမ်ဒါ ရှာဟက်ခဲလ် ဧရိယာကို သွားရောက်ခဲ့စဉ် လမ်းတွင် စစ်သွေးကြွများက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဥပဒေစိုးမိုးရေးဝန်ထမ်း ခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အရာရှိတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် ဧရိယာသည် တောင်ကုန်းများ ဝန်းရံပြီး ကာရက်ခရိုင်နယ်စပ်အနီး ဧရိယာဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

“စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အသက်ပေးသွားရတဲ့ ရဲတွေထဲမှာ ဒုရဲအုပ် အီလ်မ် ဒင်၊ ရဲတပ်ကြပ် ပါဗက်ဇ် ခန်းနဲ့ ရဲတပ်ဖွဲ့တွေဖြစ်ကြတဲ့ အလီ အူစမန်၊ ဒီလ် ဂျန်၊ အာမက်ဒ် နာဝက်ဇ်နဲ့ မာမွတ်တို့ ပါဝင်ပါတယ်” ဟု ၎င်းက ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် ရဲကားလည်း ပျက်စီးသွားသည်။ တိုက်ခိုက်သူ စစ်သွေးကြွများသည် ရဲများထံမှ လက်နက်များ၊ ကျည်ကာဝတ်စုံများကို ယူဆောင်ထွက်ပြေးသွားသည်။

ယင်းနောက် ခရိုင်ရဲမှူးချုပ် ဇီယာအူဒင် အာမက်ဒ် ဦးဆောင်သော ရဲတပ်ဖွဲ့ အဖွဲ့တစ်ဖွဲ့က ထိုနေရာသို့ ရောက်လာခဲ့ပြီး တိုက်ခိုက်သူများကို လိုက်လံရှာဖွေခဲ့သည်။

ဘာဂျော် ခရိုင် ချာမန်းဂ်ဒေသရှိ ပါကစ္စတန်-အာဖဂန် နယ်စပ်အနီး ဧရိယာတစ်ခုတွင်လည်း စစ်သွေးကြွများနှင့် ပါကစ္စတန် တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ ပါကစ္စတန် စစ်သား ၂ဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်တွင် စစ်သွေးကြွ ၁ ဦးလည်း သေဆုံးခဲ့သည်။

အာဖဂန် နယ်စပ်အနီး ဟီလယ် ခဲလ် ဧရိယာတွင် နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ပါကစ္စတန်စစ်တပ်၏ ဌာနပေါင်းစုံ

ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်သည်။ အပြင်းအထန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်သွေးကြွ တစ်ဦး သေဆုံးကာ ၎င်းထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ISPR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဆုံးသွားသည့် တိုက်ခိုက်သူသည် ထိုဒေသတွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly