ရှင်ကျန်းအရေးကိစ္စကြောင့် တရုတ်အရာရှိများအပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသက်တမ်း ထပ်တိုးမည်

ရှင်ကျန်းအရေးကိစ္စကြောင့် တရုတ်အရာရှိများအပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသက်တမ်း ထပ်တိုးမည်

ဥရောပသမဂ္ဂ (အီးယူ) သည် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့် တရုတ်အရာရှိများအပေါ် ပိတ်ဆို့ အရေးယူမှုများအား နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးရန် စီစဉ်ထားသည်။

လူပုဂ္ဂိုလ် ၄ ဦးနှင့် အဖွဲ့အစည်းတစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုများကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ပြုလုပ်ခဲ့ပြီး ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုကို အီးယူက စောင့်ကြည့်နေကာ ဒီဇင်ဘာတွင် အခြေအတင် ဆွေးနွေးခြင်းမပြုဘဲ သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း အခြေအနေနှင့်နီးစပ်သော သံတမန်များက ပြောသည်။

အီးယူ၏ သြဇာကြီးမားသော Coreper II ကော်မတီမှ သံတမန်များသည် အလုံးစုံလူ့အခွင့်အရေး ပိတ်ဆို့ အရေးယူမှုအဖွဲ့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုဝင်ဘာ ၃ဝ ရက်တွင် ဆွေးနွေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် တွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများအစည်းအဝေးတွင် သက်တမ်းတိုးရန် အတည်ပြုမည်ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် တရုတ်အရာရှိ ၄ ဦးမှာ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ ဇူဟိုင်လွန်၊ တိဗက်ကွန်မြူနစ်ပါတီအတွင်းရေးမှူးနှင့် ရှင်ကျန်း နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်အကြီးအကဲဟောင်း ဝမ်ဂျွန်ကျန်း၊ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး ဝမ်မင်ရှန်းနှင့် ရှင်ကျန်းပြည်သူ့လုံခြုံရေးဗျူရို ဒါရိုက်တာ ချန်မင်းဂေါင်တို့ဖြစ်သည်။

အီးယူက အဆိုပါတရုတ်အရာရှိ ၄ ဦးသည် ရှင်ကျန်းတွင် ဝီဂါနှင့်တခြား မွတ်စလင်လူနည်းစုများကို ပစ်မှတ်ထားလျက် စောင့်ကြည့်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အယူဝါဒသွပ်သွင်းခြင်းများကို ကြီးကြပ်သူများ ဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။ တရုတ်သည် ရှင်ကျန်းရှိ ပြန်လည်ပညာပေးရေးစခန်းများ၌ ဝီဂါနှင့် တခြားတိုင်းရင်းသားလူနည်းစု ၁ သန်း ခန့်ကို ထိန်းသိမ်းထားသည်ဟု စွပ်စွဲခံထားရသည်။

တရုတ်က စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ထိုစခန်းများမှာ အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးစင်တာများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် အဖွဲ့အစည်းမှာ ရှင်ကျန်းထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးတပ်ဖွဲ့ ပြည်သူ့လုံ ခြုံရေး ဗျူရိုဖြစ်ပြီး ၎င်းအဖွဲ့အစည်းသည် တရုတ်တွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် ဝီဂါနှင့် တခြားမွတ်စလင်လူနည်းစုများကိုအစုလိုက်အပြုံလိုက် မတရားဖမ်းဆီးမှုများနှင့် ထိခိုက်စေသော ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည်ဟု အီးယူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly