တရုတ်ရာဇဝတ်ဂိုဏ်းက မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်လူမျိုးများဖြင့် လိမ်လည်မှုလုပ်ရန် စီစဉ်

By Inquirer.net
24 November 2022
တရုတ်ရာဇဝတ်ဂိုဏ်းက မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်လူမျိုးများဖြင့် လိမ်လည်မှုလုပ်ရန် စီစဉ်

တရုတ်ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံတွင် ဖိလစ်ပိုင် လူလိမ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်နေကြောင်းနှင့် ထိုအဖွဲ့အစည်းသည် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ Pharmally Pharmaceutical Corp ဆေးကုမ္ပဏီနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရီဆာဟွန်တီဗာရော့စ်က သတိပေးလိုက်သည်။

တရုတ်နိုင်ငံတွင်အခြေစိုက်ပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနေသော လူကုန်ကူးဂိုဏ်းမှ ပြည်ပတွင်အလုပ်လုပ်သည့် ဖိလစ်ပိုင်လူမျိုး ၁၂ ဦးကို ကယ်တင်ပြီးနောက် ဟွန်တီဗာရော့စ်က တရုတ်ရာဇဝတ်ဂိုဏ်းအကြောင်း ထုတ်ဖော် ပြောကြားလာခြင်းဖြစ်သည်။ ဖိလစ်ပိုင်များသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သည့်အတွက် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ်က ပြောသည်။

အစိုးရအား ဆေးဘက်ဆိုင်ရာပစ္စည်းများ ဈေးတင်ရောင်းချမှုကြောင့် အမတ်များ၏ စစ်ဆေးမှုကို ခံနေရသော Pharmally Pharmaceutical Corp ကုမ္ပဏီနှင့် တရုတ်ရာဇဝတ်ဂိုးဏ်းအကြား ဆက်စပ်မှုရှိနိုင်ကြောင်း အတိုက်အခံ အထက်လွှတ်တော်အမတ်က ပြောခဲ့သည်။

“နောက်ဆုံးသိရတာကတော့ သူတို့ဟာ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်သူတွေရဲ့ အချက်အချာဖြစ်တဲ့ Yatai International Holdings Group ပိုင် ရွှေကုက္ကိုအထူးစီးပွားရေးဇုန် ဒါမှမဟုတ် ရထိုက်မြို့သစ်မှာ ရှိတယ်ဆိုတာ နေရာအတိအကျ သိခဲ့ရပါတယ်။ သူတို့ဟာ Pharmally Pharmaceutical Corp ကုမ္ပဏီက သူတွေနဲ့လည်း ချိတ်ဆက်မှု ရှိကောင်း ရှိနိုင်ပါတယ်” ဟု ဟွန်တီဗာရော့စ်က ဆိုသည်။

လူကုန်ကူးခံရသူများသည် ရင်းနှီးမြှုပ်နှံရေးအတွက် ဖောက်သည်များကို အယုံသွင်းရန်နှင့် ကိုယ်ထိလက်ရောက် အနှိပ်စက်မခံရစေရန် အွန်လိုင်းပေါ်၌ လိင်ပိုင်းဆိုင်ရာနှင့်အချစ်ရေးဆိုင်ရာ ဆက်ဆံရေးများလည်း ထားရှိ ရသည်ဟု ဆိုသည်။

လူကုန်ကူးခံရသူများသည် အချိန်ပိုဆင်းရသည့်အပြင် ထိုင်ထ အကြိမ် ၁၀၀၀ လုပ်ရန်၊ ရေဆွဲရန်၊ လျှပ်စစ်တုတ်များ ဖြင့်အရိုက်ခံရန်နှင့် သေသည့်အထိ ဓားဖြင့်ထိုးသတ်ရန် ခြိမ်းခြောက်ခံရသည်။

ဟွန်တီဗာရော့စ်က လူကုန်ကူး၍ လိမ်လည်မှုကိစ္စကို စစ်ဆေးရန် တရားရေးဌာနနှင့် လူကုန်ကူးမှု ဆန့်ကျင်ရေး အေဂျင်စီများ တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required