တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်အရေးအကို အရှိန်မြှင့်လုပ်ဆောင်နေဟု အစီရင်စာတစ်ရပ်၌ ဖော်ပြ

By Taipei Times
24 November 2022
တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်အရေးအကို အရှိန်မြှင့်လုပ်ဆောင်နေဟု အစီရင်စာတစ်ရပ်၌ ဖော်ပြ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တရုတ်စစ်တပ်အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ၂ ဦးကို ဗဟိုစစ်ကော်မရှင်၌ ခန့်အပ်ခြင်းသည် ထိုင်ဝမ်နှင့်ပတ်သက်သော စစ်ရေးပြင်ဆင်မှုကို တိုးမြှင့်လုပ်ဆောင်နေမှုကို အချက်ပြခြင်းဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

အရှေ့တိုင်းကွပ်ကဲရေးဌာနချုပ်၌ တာဝန်ထမ်းဆောင်ခဲ့သော ဟဲဝေဒေါင်နှင့် မြောင်ဟွာ ၂ ဦးကို အဖွဲ့ ၇ ဦးပါ ဗဟိုစစ်ကော်မရှင်၏ ဒုဥက္ကဋ္ဌများအဖြစ် ယခင်လက ကျင်းပသည့် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်၌ ခန့်အပ်ခဲ့သည်။

ကွန်ဂရက်တွင် တရုတ်သမ္မတလည်းဖြစ် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် ရှီကျင့်ဖျင်က နိုင်ငံလုံခြုံရေးနှင့် သိပ္ပံပညာကို အလေးပေးသည့် တရုတ်ခေတ်မီတိုးတက်ရေးမူဖြင့် အင်အားကြီးတရုတ်နိုင်ငံကို တည်ဆောက်သွားမည်ဟု ကတိပြုခဲ့ကြောင်း ကောင်စီ၏ တရုတ်ပြည်မကြီးအခြေအနေဆိုင်ရာ ၃ လပတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

နိုင်ငံကို ဦးဆောင်နိုင်ရေး ဗဟိုစစ်ကော်မရှင်အကြီးအကဲများကို အမြင့်ဆုံးကွပ်ကဲမှုအဆင့်၌ ထားရှိမည့် စနစ်တစ်ခုကို ပြဋ္ဌာန်းမည်ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်လေတပ်နှင့် ထိုင်းတော်ဝင်လေတပ်တို့ သြဂုတ်လက ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ကွန်ဂရက်အစီရင်ခံစာတွင် ထိုင်ဝမ်လွတ်လပ်ရေးကိုဆန့်ကျင်သော အသုံး အနှုန်းများကို ထည့်သွင်းခဲ့သလို ထိုင်ဝမ်ပြဿနာများကို ဖြေရှင်းရေးနှင့် အပြည့်အဝပေါင်းစည်းရေးကို အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ သမိုင်းပေးတာဝန်ဖြစ်ကြောင်းနှင့် တရုတ်သည် အင်အားအသုံးပြုမှုကို မည်သည့်အခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောသည်။

တရုတ်သည် နိုင်ငံတကာ စင်မြင့်တွင် ထိုင်ဝမ်ကို ထိန်းချုပ်ရန် စစ်ရေးအရ ခြိမ်းခြောက်မှုနှင့် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်ရင်း ပူးပေါင်းခြင်းဖြင့် ပေါင်းစည်းမှုအောင်မြင်ရန် မျှော်မှန်းကာ ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly