အုန်းတောရွာရှိ စစ်ကောင်စီအမြှောက်တပ် စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

အုန်းတောရွာရှိ စစ်ကောင်စီအမြှောက်တပ် စစ်ဆေးရေးဂိတ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊အုန်းတောကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အား ၄၀ မမ လက်နက်ကြီးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)ထံက သိရသည်။

စစ်ကိုင်း-ရွှေဘ်ိုကားလမ်းပေါ် ရှိ ထိုစစ်ဆေးရေးဂိတ်အားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အုန်းတောရွာမှာရှိတဲ့ အမြောက်တပ်ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်။ အဲ့ဒီဂိတ်ကို ကျွန်တော်တို့က ၄၀ မမနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့တပ်ထိအောင် ခြိမ်းခြောက်နိုင်တယ်ဆိုတာကို ပြသခြင်းလည်း ဖြစ်ပါတယ်” ဟု PAFD တာဝန်ခံက မဇ္စျိမကို ပြောသည်။

အုန်းတောရွာအမြောက်တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ရှိနေသည့်အချိန် ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို ထုလိုက်တဲ့အချိန် တပ်အပေါက်ဝကအမြောက်ကြီးဘေးမှာ ငါးယောက်လောက်ရှိတယ်။ ကင်းစောင့်နေကြတာပေါ့။ ကျွန်တော်တို့ ပစ်လိုက်တဲ့ဟာက ဂိတ်အပြင် တပ်ထဲမှာလည်း ကျတာရှိတော့ အထိအခိုက်ကတော့ မသိရသေးဘူး” ဟု PAFD တာဝန်ခံက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ Phonex (SGG) နှင့် D.B.B.F-MMU အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အုန်းတောရွာအမြောက်တပ်ရှိ စစ်ကောင်စီတပ်သည် တပ်အနီးတွင် ကင်းပုန်းဝပ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအား ချိန်ရွယ်ခြင်းအပြင် တပ်ရှေ့တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ ပြည်သူများကို စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးရန် လာရောက်သည့် တပ်မ (၃၃)မှ စစ်ကားများသည် စစ်ကြောင်းမထိုးမီအချိန်တွင် အုန်းတောရွာအမြောက်တပ်အတွင်း လာရောက် စခန်းချ နေထိုင်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း စစ်ကိုင်းမြို့နယ် မြောက်ဘက်ခြမ်းနှင့် ဝက်လက်မြို့နယ် အနောက်ခြမ်းများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly