ခင်ဦးမြို့နယ် မုံလှကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

ခင်ဦးမြို့နယ် မုံလှကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

နိုဝင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မုံလှ ကျေးရွာကို နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်အင်အား ၁၀၀ ခန့်ပါသည့် အဆိုပါစစ်ကြောင်းမီးရှို့ခဲ့သည့် မုံလှကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ကျောက်တိုင်ကျေးရွာကို လက်နက်ကြီးတွေ နဲ့ စပစ်ကတည်းက ကျမတို့ ရွာက အကုန်လုံး ရှောင်နေရတာ ဖြစ်ပါတယ်။ ရွာကိုတော့ မနေ့က ညပိုင်းက ရောက်ပြီး ယနေ့ နံနက်ခင်း ၁၀နာရီလောက်မှာ မီးစရှို့ပါတယ် ။ လက်နက်ကြီးသံတွေ ၊ သေနတ်သံတွေက ဆူညံ့နေတာပါပဲ ။ ကျမတို့ ရွာတင်မဟုတ်ပါဘူး။ နီးစပ်ကျေးရွာတွေ အကုန်ထွက်ပြေးနေရတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည် ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တိုင်-ကျီစု ကျေးရွာကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်ကစစ်ကြောင်းထိုးနေသောကြောင့် ကျောက်တိုင်၊ ကျီစု ၊ မုံလ၊ သာဝတ္ထိ၊ သရက်ကုန်းစသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ စစ်ရှောင်နေရကြောင်းသိရသည်။

စာတည်း ။။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly