ဗဟိုလမ်းမပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဧည့်စာရင်း ဝင်စစ်ကာ စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်း

ဗဟိုလမ်းမပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဧည့်စာရင်း ဝင်စစ်ကာ စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်း

နိုဝင်ဘာလ ၂၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဗဟိုလမ်းမပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီးနောက် စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်းမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

လှိုင်မြို့နယ်၊ အနောက်ပေ ၅၀ ကားမှတ်တိုင်မှ သီရိမြိုင်ဘူတာအထိ ဗဟိုလမ်းမပေါ်တွင် တည်ဆောက်ထားသည့် နေအိမ်များအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် မနက် ၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းမှာ ဗဟိုလမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ရထားရယ်၊ ရဲကားရယ်လာပြီးတော့ ဗဟိုလမ်းရဲ့ အနေအထားကို တိုင်းတယ်။ ပြီးတော့ ၂၃ ရက် မနက်တစ်နာရီမှာ ဗဟိုလမ်းရဲ့လမ်းတစ်ဖက်ဆီမှာရှိတဲ့ အိမ်တွေကို ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လို ဝင်စစ်တယ်ဆိုတာ ရပ်ကွက်ထဲကို ဝင်စစ်တာ မဟုတ်ဘူး။ ဗဟိုလမ်းမပေါ်မှာရှိတဲ့ အိမ်တွေကိုပဲ ဝင်စစ်တာ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဗဟိုလမ်းမပေါ်ရှိ ရထားသံလမ်း မျက်နှာချင်းဆိုင်မှ နေအိမ်များကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာတွင် စာရွက်အဖြူပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဧည့်စာရင်းဝင်စစ်ကာ စာရွက်အဖြူပေါ်တွင် လက်မှတ်ထိုးခိုင်းခြင်းသည် ဗဟိုလမ်း ဧရိယာအား ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်များကို ဖယ်ရှားရန် စစ်ကောင်စီတပ်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

“ထိုးရတာက စာရွက်အဖြူပေါ်မှာ ထိုးရတာ။ ဘာကြောင့် ထိုးရတာလဲ ဘယ်လိုလဲဆိုတာ မသိဘူး။ လူတွေကတော့ စိုးရိမ်နေကြတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ထို့အပြင် ဗဟိုလမ်းစတင်ဆောက်လုပ်စဉ်က လမ်းဧရိယာနှင့် မလွတ်ကင်းသည့် နေရာများကို လျော်ကြေး ပေးထားသော်လည်း ပြန်လည်နေထိုင်မှုများ ရှိသည့်အတွက် အဆိုပါ ကျူးကျော်နေထ်ိုင်သူများကို ဖယ်ရှားရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း မြို့နယ်အတွင်း ပြောဆိုမှုများ ရှိနေသည်။

“လက်ရှိတော့ ဒေသခံတွေ ပြောတာက ဗဟိုလမ်းပေါ် ကျူးထားတဲ့ သူတွေပဲ ဖယ်ပေးရမှာ။ အဲ့လိုမျိုးပဲကြားတယ်။ အဲ့ဒါက လူပြောများတယ်။ ပြီးတော့ ဧည့်စာရင်း ဝင်စစ်တဲ့အချိန် ဘာကို လက်မှတ်ထိုးခိုင်းလို့ လက်မှတ်ထိုးခိုင်းမှန်း မသိတာတွေကို ကြောက်နေကြတာ။ လာဖယ်တာတွေ ဘာတွေတော့ မရှိသေးဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

လှိုင်မြို့နယ် ၁၄ ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း " ဗဟိုလမ်းကို ပေ ၁၀၀ ချဲ့မယ်ဆိုပြီး ကြားတယ်။ အဲ့ဒါကြောင့် တိုင်းတာမှုတွေ လုပ်နေတာလို့ သိရတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ် အမှတ် (၁) နှင့် အမှတ် (၃)ရပ်ကွက် အတွင်းရှိ နေအိမ်များကို ကျူးကျော်နေထိုင်သည်ဟုဆိုကာ သတ်မှတ်ထားသည့် ရက်အတွင်း အပြီးသတ်ဖျက်သိမ်းပေးရန် ခေတ္တအုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် စာထုတ်အကြောင်းကြားမှုများ ရှိခဲ့သည်။

ထို့နောက် မရမ်းကုန်းမြို့နယ်အမှတ် (၃) ရပ်ကွက်အတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ဘူဒိုဇာများဖြင့် လာရောက်ဖြိုဖျက်သွားခဲ့ပြီး ထပ်မံဆောက်လုပ်ခြင်းမပြုလုပ်ရန် သတိပေးသွားခဲ့ကြောင်း သိရသည်။

ယခုနိုဝင်ဘာလအတွင်းမှာပင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ နေအိမ်များကို ဖယ်ရှားပေးရန် စစ်ကောင်စီတပ်၏ ဖိအားပေး အကြောင်းကြားမှုများကြောင့် အိမ်ပိုင်ရှင်နှစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဒေသခံများက မဇ္စျိမကို ပြောကြားထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly