ရုရှကို အပြစ်ပေးအရေးယူရန် လုံခြုံရေးကောင်စီအား ဇယ်လန်းစကီး ပန်ကြား 

ရုရှကို အပြစ်ပေးအရေးယူရန် လုံခြုံရေးကောင်စီအား ဇယ်လန်းစကီး ပန်ကြား 

နိုဝင်ဘာ ၂၄

ယူကရိန်း မြို့များကို အမှောင်ကျစေပြီး ဆောင်းဝင်ချိန် အေးစက်ခြင်း ထပ်မံဖြစ်စေသည့် အရပ်သား အခြေခံအဆောက်အအုံများအား လေကြောင်းတိုက်ခိုက်မှုများအတွက် ရုရှကို အပြစ်ပေးအရေးယူရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပန်ကြားတိုက်တွန်းသည်။ 

ဗုဒ္ဓဟူးနေ့က ရုရှသည် ယူကရိန်းနိုင်ငံအနှံ့ ဒုံးကျည်ပစ်ခတ်မှုများ ဆင်နွှဲ၍ လူ ၁၀ ဦး သေဆုံးရကာ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပိတ်ရပြီး နေရာတော်တော်များများတွင် ရေနှင့် လျှပ်စစ်မီးများ ပြတ်တောက်နေသည်။ 

“ဒီနေ့ဟာ နေ့တစ်နေ့ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ ဒုံးကျည် အစင်း ၇၀ လောက် ပစ်ခတ်ခံရတယ်၊ ဒါဟာ ရုရှရဲ့ အကြမ်းဖက်တဲ့ သီအိုရီပဲ၊ ကျွန်တော်တို့ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာပဲ ဖြစ်တယ်၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ သယ်ယူပို့ဆောင်ရေးနေရာတွေနဲ့ အရပ်သား ဒေသတွေ အားလုံး ရင်ဆိုင်ရတာ ဖြစ်တယ်”ဟု ကောင်စီအဖွဲ့ဝင်များသို့ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ဇယ်လန်းစကီးက ပြောသည်။ 

ဗုဒ္ဓဟူးနေ့က လေကြောင်းတိုက်ခိုက်မှုများအတွက် ကမ္ဘာကနေပြီး “အလွန် ခိုင်မာသော တုံ့ပြန်မှုများ”ကို ယူကရိန်းက မျှော်လင့်စောင့်ဆိုင်းနေကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။ 

ကောင်စီအနေဖြင့် ရုရှက ဗီတိုအာဏာရ အဖွဲ့ဝင်ဖြစ်ကတည်းက ယခု မေတ္တာရပ်ခံချက်ကို တုံ့ပြန်အရေးယူရန် လုပ်ဆောင်နိုင်မည့်ပုံ မရှိပေ။ 

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် “ယူကရိန်းပြည်သူများအား ကြီးကြီးမားမား ဘေးသင့်စေရန် ဆောင်းရာသီကို လက်နက်သဖွယ် အသုံးချနေသည်မှာ ရှင်းလင်းကြောင်း” ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က ပြောသည်။ 

ရုရှသမ္မတက “ယူကရိန်း၌ စွမ်းအင်စနစ် ပျက်စီးပြီး ဆောင်းတွင်း အအေးဒဏ်ကြောင့် အညံ့ခံလာအောင်” ကြိုးစားနေခြင်းပဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

ဇယ်လန်းစကီးက အွန်လိုင်းဗီဒီယိုမှ တစ်ဆင့် ပန်ကြားလာခြင်းကို ကောင်စီ၏ ခွင့်ပြုခြင်းအား ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗာဆေးလီ နီဘန်ဇယာက ပြောပြီး ယူကရိန်းနှင့် အနောက်က ထောက်ခံသူများ၏ “အဆင်အခြင်မဲ့ ခြိမ်းခြောက်မှုနှင့် ရာဇသံများပဲ” ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly