အာဖဂန်နစ္စတန် အနောက်မြောက်ပိုင်း၌ တာလီဘန် စစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ဝင် ၅ ဦး သေဆုံး

By Khaama
23 November 2022
အာဖဂန်နစ္စတန် အနောက်မြောက်ပိုင်း၌ တာလီဘန် စစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ဝင် ၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဟီရတ်ပြည်နယ်တွင် တာလီဘန်အဖွဲ့ဝင်များက အိုင်အက်စ် (ISIS) အကြမ်းဖက်အဖွဲ့ဝင် ၅ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အဆိုပါပြည်နယ်မှ တာလီဘန်အာဏာပိုင်တို့က ပြောကြားသည်။

ဟီရတ်ပြည်နယ်၏ ရဲတပ်ဖွဲ့နယ်မြေ (၁၂) ဟာဂျီ အာဘတ်စ် ဧရိယာတွင် တာလီဘန်တပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အိုင်အက်စ် အကြမ်းဖက်သမား ၅ဦး သေဆုံးခြင်း ဖြစ်ကြောင်း ဟီရတ်ပြည်နယ်မှ တာလီဘန်ထောက်လှမ်းရေးအေဂျင်စီက ပြောသည်။

ပြည်နယ်တွင် တာလီဘန်များနှင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်များအကြား နိုဝင်ဘာ ၁၅ ရက် ညပိုင်းက တိုက်ခိုက်မှုများ ဖြစ်ခဲ့ကြောင်း တာလီဘန် ထောက်လှမ်းရေး သတင်းတွင် ဖော်ပြသည်။

အလားတူ နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် တာလီဘန်တို့ လုပ်ဆောင်သော အထူး စစ်ဆင်ရေးတစ်ခုအတွင်း အိုင်အက်စ် အဖွဲ့ဝင် ၅ဦး သေဆုံးကြောင်း သိရသည်။

အာဖဂန်နစ္စတန်တွင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းထားနိုင်ခဲ့သည့်အတွက် အဆိုပါအကြမ်းဖက် အဖွဲ့အနေဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း တာလီဘန်တို့က အောက်တိုဘာ လအစောပိုင်းတွင် ဥရောပသမဂ္ဂ၏ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးသံတမန် သောမတ်စ် နစ်ကလက်ဆန်နှင့် တွေ့ဆုံစဉ် အခိုင်အမာ ပြောသည်။

လက်ရှိအချိန်တွင် အိုင်အက်စ်နှင့် အခြား အကြမ်းဖက်အဖွဲ့များသည် အာဖဂန်၌ အထိနာနေပြီဖြစ်ပြီး ၎င်းတို့၏ ခုခံ၊ တိုက်ခိုက်နိုင်စွမ်းများကို ဆုံးရှုံးထားပြီ ဖြစ်ကြောင်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အာမီရာ ခန်း မွတ်တာကီက အီးယူအရာရှိနှင့် တွေ့ဆုံစဉ် ပြောသည်။

ယခု သီတင်းပတ်အစောပိုင်းကလည်း မြို့တော် ကဘူးလ်တွင် အိုင်အက်စ်တို့၏ ခိုအောင်းရာနေရာတစ်ခုကို ရှာတွေ့ကြောင်းနှင့် အိုင်အက်စ်အဖွဲ့ဝင် ၅ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။

အာဖဂန်နစ္စတန်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီ သေဆုံးပြီးနောက်ပိုင်း အဆိုပါနိုင်ငံ၌ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များ ပြန်လည် ခေါင်းထောင်လာနိုင်မှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် ယခု တာလီဘန်တို့၏ ထုတ်ဖော်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required