တရုတ်၏ အန္တရာယ်များသော အပြုအမူအပေါ် စိုးရိမ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်၏ အန္တရာယ်များသော အပြုအမူအပေါ် စိုးရိမ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က နိုဝင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားတွင် ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM-Plus) ၏ သီးသန့်အစည်းအဝေး၌ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟဲနှင့် တွေ့ဆုံစဉ် တရုတ်၏အန္တရာယ်များသော အပြုအမူနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။ "အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေတို့ အမေရိကန်-တရုတ် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးနဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီး အော်စတင်က ပြိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်" ဟု ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း၌ စစ်ဖြစ်နိုင်သည့် အန္တရာယ်ပိုရှိလာစေနိုင်သော တရုတ်စစ်လေယာဉ်များ၏ အန္တရာယ်ပိုများလာသော အပြုအမူနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အော်စတင်က ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားသည့်နေရာတိုင်းတွင် အမေရိကန်သည် ဆက်လက် ပျံသန်းခြင်း၊ သင်္ဘောခုတ်မောင်းခြင်းနှင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် ရုရှား-ယူကရိန်းစစ်ပွဲအကြောင်းကို ဆွေးနွေးခဲ့သလို အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် နျူကလီးယားလက်နက်များ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ခြိမ်းခြောက်ခြင်းများကို မည်သို့ဆန့်ကျင်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုနှင့် မြောက်ကိုရီးယား၏ လတ်တလော ရန်စမှုများအပေါ် စိုးရိမ်ကြောင်းလည်း အော်စတင်က ပြောကြားသည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ အပါအဝင် မကြာသေးမီလများအတွင်း ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ လာရောက်မှုကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာခဲ့သည်။

အာဆီယံ၏ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် ၎င်း၏ ဆွေးနွေးဖက် ၈ နိုင်ငံဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်သည့် ADMM-Plus ကို ၂၀၁၀ ခုနှစ် ဧပြီလတွင် စတင်ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required