အမေရိကန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ ထိုင်ဝမ်အရေးဆွေးနွေး

By Taipei Times
23 November 2022
အမေရိကန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ ထိုင်ဝမ်အရေးဆွေးနွေး

အမေရိကန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးများသည် အက်ကြောင်းထင်လာသော ဆက်ဆံရေးနှင့် ကမ္ဘာ့လုံခြုံရေးပြဿနာများကို ဆွေးနွေးရန် ကမ္ဘောဒီးယားတွင်ကျင်းပသည့် APEC ထိပ်သီးအစည်းအဝေး၏ သီးသန့်ဆွေးနွေးပွဲ၌ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံခဲ့ကြသည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်းဟဲတို့အကြား ၆ လအတွင်း ဒုတိယအကြိမ် လူချင်းတွေ့ဆုံမှု ဖြစ်သည်။

အော်စတင်က တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း ပင်တဂွန်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက ပြောသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်ဟဲသည် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိတွင် နိုဝင်ဘာ ၂၂ ရက်က ကျင်းပသော အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

အော်စတင်သည် ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားအား တစ်ဖက်သတ်ပြောင်းလဲမှုများကို ဆန့်ကျင်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ထိုင်ဝမ်အပေါ် မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များကို ရှောင်ကြဉ်ရန် တရုတ်အား တောင်းဆိုခဲ့သည်ဟု ပင်တဂွန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက မဟာဗျူဟာမြောက် အန္တရာယ်ကို လျှော့ချရေး၊ အကျပ်အတည်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှု တိုးတက်ရေးနှင့် စစ်ဆင်ရေးဆိုင်ရာဘေးကင်းမှု မြှင့်တင်ရေးနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရန် တိုက်တွန်းခဲ့သလို မတော်တဆမှု ဖြစ်နိုင်ခြေကို မြင့်တက်စေသော တရုတ်စစ်လေယာဉ်များ၏ အန္တရာယ်ရှိသော အပြုအမူနှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်း မှတ်ချက်ပြုခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး တန်ကဲဖေးက နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံမှုသည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့အကြား ဆွေးနွေးခဲ့သည့် အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ခိုင်မာသော အတိုင်းအတာတစ်ခုအဖြစ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်တိုးတက်သောလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် အလွန်အရေးကြီးကြောင်း တန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly