မတ္တရာမြို့ အရှေ့ဘက်ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

မတ္တရာမြို့ အရှေ့ဘက်ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

နိုဝင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့ အရှေ့ဘက်ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်က အင်အား ၈၀ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း PDF တပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၈ ရက်မှစတင်ကာ မတ္တရာမြို့ အရှေ့ဘက် ငါးမိုင်အကွာရှိ သုံးဆယ်ပေးရွာသို့ စတင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး လေးရက်ကြာတပ်စွဲကာ ကျေးရွာအတွင်းမှ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များကို ယူဆောင်ကာ အိမ်တစ်လုံးကိုလည်း မီးရှို့သွားသည်ဟု ဆိုသည်။

" ရွာတွေထဲကို ဝင်တာနဲ့ အိမ်တွေအကုန်လုံးကို လိုက်မွှေတယ်၊ အဖိုးတန်တာတွေဆို ယူတယ်၊ ဒီရက်ပိုင်းထဲတော့ သူတို့မိုင်းဆွဲခံရတာ အထိနာတော့ အဲ့ဒါကြောင့် မွှေနေတာ ထင်တယ်၊ ရွာတွေက တစ်ဆက်တည်းတွေဆိုတော့ သူတို့ကလှည့်လည်ပြီး စစ်ကြောင်းထိုးနေတာ" ဟု မတ္တရာမြို့နယ်အခြေစိုက် NGU FF မြေခွေးတပ်ဖွဲ့ တာဝန်ခံက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ရွာသစ်ရွာတွင် တပ်စွဲထားပြီး ဇီးဖြူပင်၊ ရွာသာအေး၊ လှိုင်ကျွန်းနှင့် ကျောင်ဆည်လေးရွာများသို့ လှည့်လည် စစ်ကြောင်းထိုးနေပြီး ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေကြရသည်။

" အခုကတော့ တောထဲက သစ်ပင်တွေအောက် အမိုးမပါဘဲ၊ အောက်က အခင်းပဲ ခင်းပြီး နေကြရတယ်၊ ရွာလုံးကျွတ်ပြေးကြတာပါ။ ကျန်ခဲ့တဲ့သူက နည်းတယ်၊ လွန်ခဲ့တဲ့ ခြောက်ရက်ကတည်းက သူတို့ စစ်ကြောင်းထိုးနေတာ" ဟု မတ္တရာမြို့ခံ တစ်ဦးက ပြောသည်။

အောက်တိုဘာလအတွင်းကလည်း မတ္တရာမြို့နယ်အတွင်းကျေးရွာများရှိလူနေအိမ် ၁၆လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့်၂၀၂၁ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ တစ်နိုင်ငံလုံးတွင် နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar၏ သုတေသနစစ်တမ်းအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly