မုံရွာ-ချောင်းဦးလမ်းပိုင်းကို အသုံးမပြုကြရန် အရေးပေါ် သတိပေးချက်ထုတ်ပြန်

မုံရွာ-ချောင်းဦးလမ်းပိုင်းကို အသုံးမပြုကြရန် အရေးပေါ် သတိပေးချက်ထုတ်ပြန်

နိုဝင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်းရှိ မုံရွာ-ချောင်းဦး လမ်းပိုင်းကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီနောက်ပိုင်းမှစ၍ အသုံးမပြုကြရန် South Monywa PDF က အရေးပေါ် အသိပေးချက် ထုတ်ပြန်လိုက်သည်။

မန္တလေး-မုံရွာ ကားလမ်းမပေါ်ရှိ မုံရွာ - ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ အခု ညနေပိုင်းမှာ စဖြစ်နေတာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲအခြေအနေကိုတော့ ပြောပြလို့ အဆင်မပြေသေးပါဘူး ” ဟု People’s Defence Force South Monywa တာဝန်ခံ Daung Karyan က မဇ္စျိမသို့ပြောသည်။

ထို့ကြောင့် ည ၈ နာရီနောက်ပိုင်းမှစ၍ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မည်သည့်ယာဉ်ကိုမှ ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်းဆိုသည်။

တားမြစ်ချိန်နောက်ပိုင်း ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များကိုလည်း စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် မော်တော်ယာဉ်အဖြစ်သတ်မှတ်ကာ ပစ်ခတ်သွားမည်ဟု သိရသည်။

“ ဖြတ်သန်းတဲ့ ယာဉ်တွေကိုလည်း စစ်ကောင်စီတပ်ကို အကူလာတဲ့ယာဉ်၊ စစ်တပ်နဲ့ ပတ်သက်တဲ့ ယာဉ်လို့ သတ်မှတ်ပြီး တိုက်ခိုက်မှာ ဖြစ်ပါတယ်” ဟု Daung Karyan ကပြောသည်။

ပြည်သူများ အနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့၏ အသိပေးထုတ်ပြန်မှုကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားပါက တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်သွားရောက်သည့် စစ်ကောင်စီတပ်ကားများကို မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly