ပလက်ဝနှင့် ဆမီးမြို့တို့တွင် ကြွက်ပေါများလာ၍ ဒေသခံများ၏ တောင်ယာစပါး ဆုံးရှုံးမှုများကြုံတွေ့နေ

ပလက်ဝနှင့် ဆမီးမြို့တို့တွင် ကြွက်ပေါများလာ၍ ဒေသခံများ၏ တောင်ယာစပါး ဆုံးရှုံးမှုများကြုံတွေ့နေ

နိုဝင်ဘာလ ၂၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ဝါးများဖူးပွင့်ကာ တောထဲ၌ ကြွက်ပေါများလာ၍ ဒေသခံများ တောင်ယာစပါးဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေရသည်ဟု ပလက်ဝမြို့ခံများထံမှသိရသည်။

“ ဝါးသီးတွေသီးတော့ ကြွက်တွေပေါတယ်။ စိုက်ပျိုးထားတဲ့ တောင်ယာသီးနှံအားလုံးကို စားသုံးနေပါတယ်။ စပါးက တင်း ၁၀၀ ရမယ့်ဟာကို တင်း ၂၀၊ ၃၀ လောက်ပဲ ရတော့တာပေါ့နော်။ ဆန်စပါးက တစ်လ၊ နှစ်လစာအတွက်ပဲ ရိတ်လို့ရတဲ့အတွက် ရှေ့ဆက်စားဝတ်နေရေး ပိုရုန်းကန်ရမှာပါ ” ဟု ဒေသခံဖြစ်သူ ဦးပြည်မင်းက မဇ္ဈိမသို့ပြောသည်။

ယခုကဲ့သို့ ကြွက်များပေါများလာသည်ကို စက်တင်ဘာလ လယ်ပိုင်းတွင် စတင်သတိထားမိခဲ့ပြီး နိုဝင်ဘာလအတွင်း ရိတ်သိမ်းရန်ကျန်ရှိသည့် ကောက်ပဲသီးနှံများကို ကြွက်များက စားသောက်ခဲ့ခြင်း ဖြစ်သည်။

ကြွက်သောင်းကျန်းမှုဒဏ်ကို ဆမီးမြို့တွင်အဓိကခံစားနေရပြီး ဒေသခံတောင်သူများ စပါးရိတ်သိမ်း စရာမရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲများ ဆိုးဆိုးရွားရွားကြုံတွေ့လာနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တုန်းကလည်း ပလက်ဝမြို့နယ်တွင် ဝါးများသီးခဲ့ပြီး တောထဲတွင် ကြွက်ပေါများလာ၍ တောင်ယာစပါးများ အကြီးကျယ်ဆုံးရှုံးခဲ့ရဖူးသည်။

“ အခုသီးနေတာက ၂၀၀၈ ခုနှစ်က အသီးမသီးတဲ့ ဝါးအမျိုးအစားထဲက ဖြစ်မယ်။ အဲဒီတုန်းက စပါးရိတ်စရာမရှိလောက်အောင် ကြွက်တွေက စားသွားတာ တစ်ညတည်းနဲ့ ဧက၂၀၊ ၃၀ လောက်ကို စားလိုက်တာ။ တောင်ယာတစ်ခင်းစာကို တစ်ညထဲနဲ့ စားနေကြတာပါ။ ကြွက်တွေက အုပ်လိုက်သွားလာနေတာ။ တစ်အုပ်စုမှာ အကောင်ရေ သောင်းချီ၊ သိန်းချီလောက်ရှိတယ် ” ဟု ဦးပြည်မင်းက ဆက်ရှင်းပြသည်။

ဝါးများသည် သဘာဝအလျှောက် နှစ် ၅၀ တွင်တစ်ကြိမ်သီးပြီးနောက် အပင်များပုပ်သိုးကာ အစေ့များမှ နောက်ထပ်တကြိမ် အပင်ငယ်များပြန်ပေါက်လေ့ရှိသည်။

ထိုအချိန်မျိုးတွင် ကြွက်များမှ ဝါးသီးများကိုစားကာ ကြီးထွားမှု မြန်ဆန်နေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပလက်မြို့နယ်နှင့် ဆမီးမြို့နယ်တွင် တောင်ယာလုပ်ကိုင်သူ အများစုနေထိုင်ကြပြီး ရာခိုင်နှုန်းအားဖြင့်မြို့နေလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တောင်သူများဖြစ်ကြသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly