မြစ်ငယ်တွင် စစ်ကောင်စီ သတင်းပေးလုပ်နေသူကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

မြစ်ငယ်တွင် စစ်ကောင်စီ သတင်းပေးလုပ်နေသူကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

နိုဝင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ အမပူရခရိုင်၊ မြစ်ငယ်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မန္တလေး၊ ခရိုင်အမှတ်(၅) တပ်ရင်း မြစ်ငယ် PDF ထံမှ သိရသည်။

မြစ်ငယ်မြို့ သရက်တန်းကျေးရွာတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ဆောင်နေသူ မင်းဆွေ (ခေါ်) မင်းမင်း ဆိုသူ အမျိုးသားကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၄ မိနစ်အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ မြစ်ငယ် သရက်တန်းရွာ အနောက်ဘက်က တောထဲမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ နေရာမှာပဲ သေဆုံးပါတယ်။ သူတို့က မိသားစုလိုက် ဒလန်လုပ်တာပါ။ ဘယ်သူတွေ ဘယ်သွားလဲဆိုပြီး နေအိမ်တွေအထိ သူ့အဖေက လိုက်မေးတာတွေ ရှိတယ်။ သူ့အကို ကံထူး က ပျူစောထီးခေါင်းဆောင်ပါ။ လူမိုက် ၁၀၀ ကျော် မွေးထားပြီး လောင်းကစားဝိုင်းတွေလည်း အကုန်ထောင်ထားပါတယ် ” ဟု မြစ်ငယ် PDF တာဝန်ခံက မဇ္စျိမကို ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် မင်းဆွေ(ခေါ်) မင်းမင်းဆိုသူသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဧပြီလမှစတင်ကာ သတင်းပေးဒလန်အဖြစ် လုပ်ဆောင်နေသူ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသား၏ သတင်းပေးမှုကြောင့် ပြည်သူ လေးဦး အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရခြင်း၊ ရွာအတွင်းရှိ မီတာပုံးများကို လိုက်လံဖြုတ်သိမ်းရာတွင် ဦးဆောင်ပါဝင်ခြင်းနှင့် ပြည်သူပိုင်နေအိမ်များကို ချိပ်ပိတ်ရာတွင် စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်မှုများကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်ကြောင်း မြစ်ငယ် PDF က သတင်းထုတ်ပြန်ထားသည်။

“ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ သတိပေးချင်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကိုလည်း ပြည်သူနဲ့ အတူ ပူးပေါင်းကြပါ ။ မလိုက်နာရင် ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်။ ပူးပေါင်းလိုချင်ရင် Page ရဲ့ Chat Box က တစ်ဆင့် လာရောက် ဆက်သွယ်န်ိုင်ပါတယ်” ဟု မြစ်ငယ် PDF တာဝန်ခံက ဆိုသည်။

ပစ်ခတ်ရှင်းလင်းမှုကို MN PDF အမျိုးသမီးတပ်ဖွဲ့ ၊ နောင်ရိုးအထူးပြောက်ကျားတပ် နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သတင်းပေးအမျိုးသား ပစ်ခတ်ခံရပြီးနောက် ဖြစ်စဉ်ဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အိမ်စီးကားများဖြင့် လာရောက်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝဲကြီးကျေးရွာတွင် နေထ်ိုင်သည့် စစ်ကောင်စီတပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly