ကျောက်ဝိုင်းမှပြန်လာသည့် အမျိုးသား သေနတ်အပစ်ခံရပြီးသေဆုံး

ကျောက်ဝိုင်းမှပြန်လာသည့် အမျိုးသား သေနတ်အပစ်ခံရပြီးသေဆုံး

နိုဝင်ဘာလ ၂၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းညကျောက်ဝိုင်းမှပြန်လာသည့် အမျိုးသားတစ်ဦး နိုဝင်ဘာလ ၂၂ ရက် ညဦးပိုင်းတွင် သေနတ်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူသည် လုံးခင်းရပ်ကွက် (၁) တွင် နေထိုင်သူ အသက် (၃၀) နှစ် အရွယ် ကိုရှိုင်းမင်းကို ဆိုသည်။

ကိုရှိုင်းမင်းကိုသည် မှော်စီစာကျေးရွာမှ လုံးခင်းကျေးရွာသို့ သူငယ်ချင်းတစ်ဦးနှင့်အတူ ကျောက်ပွဲတိုက်ပြီး ဆိုင်ကယ်တစ်စီးဖြင့်ပြန်လာစဉ် အနောက်မှကပ်လိုက်လာသည့် ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဟုသိရသည်။

" နောက်ကနေ ဆိုင်ကယ်နဲ့ကပ်လိုက်လာပြီး ပစ်သွားတာပဲ။ ညဆိုတော့ မှောင်နေတာကတစ်ကြောင်း မက်စ် (Mask) တွေတပ်ထားက တစ်ကြောင်းဆိုတော့ ပစ်သွားတဲ့သူတွေရဲ့ မျက်နှာတွေကို သေချာမမြင်လိုက်ရဘူး။ သူတို့ကပစ်ပြီးတာနဲ့ လုံးခင်းဘက် မောင်းသွားတာပဲ တွေ့လိုက်တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် ၇ နာရီ ခန့်ကလည်း ဖားကန့်မြို့၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာရှိ Sky ဟိုတယ်၏ VIP KTV ခန်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ အမျိုးသား နှစ်ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်လုံးခင်းရတနာမြေအတွင်း ယခုကဲ့သို့ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း ။ ။ စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly