ပါကစ္စတန် နိုင်ငံပိုင်ရေနံကုမ္ပဏီ အကျပ်အတည်းနှင့် ကြုံနေရ၍ ဆောင်းကာလ LNG ဖြည့်သွင်းမှုအပေါ် ထိခိုက်နိုင်

By The News
22 November 2022
ပါကစ္စတန် နိုင်ငံပိုင်ရေနံကုမ္ပဏီ အကျပ်အတည်းနှင့် ကြုံနေရ၍ ဆောင်းကာလ LNG ဖြည့်သွင်းမှုအပေါ် ထိခိုက်နိုင်

ပါကစ္စတန်၏ နိုင်ငံပိုင်ရေနံကုမ္ပဏီ (PSO) ၏ ငွေပြန်လည်ရရှိနိုင်မှု အကျပ်အတည်းက စံချိန်တင် အမြင့်ဆုံးအတိုင်းအတာကို ရောက်ရှိနေပြီး အဆိုပါကုမ္ပဏီ၏ ရစရာရှိသည့် ကြွေးကျန်ပမာဏက ရူပီး ၆၂၁ ဒသမ ၁၆၈ ဘီလီယံအထိ မကြုံစဖူး ထိုးတက်နေကာ ပေးရန်ကျန်ရှိနေသည့် ငွေပမာဏကလည်း ရူပီး ၂၆၈ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိနေသည်။

အဆိုပါ အခြေအနေကြောင့် ပါကစ္စတန် နိုင်ငံပိုင်ရေနံကုမ္ပဏီအနေဖြင့် မီးထိုးဆီနှင့် LNG သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုအတွက် ရူပီး ၂၁၈ ဒသမ ၅ ဘီလီယံ ပမာဏရှိသည့် ပေးစရာရှိသည့် ငွေကြေးများကို ပုံပေးနိုင်ခြင်း မရှိသည့် အခြေအနေကို ရောက်ရှိနေခဲ့သည်။

စိုးရိမ်ပူပန်စရာ ကောင်းသော ငွေဖြစ်လွယ်မှု အကျပ်အတည်းကြောင့် ဆောင်းရာသီအတွက် LNG သဘာဝ ဓာတ်ငွေ့ရည် ဖြည့်သွင်းထောက်ပံ့မှုအပေါ် ထိခိုက်စေနိုင်သည့် အလားအလာ ရှိနေသည်။ နိုင်ငံပိုင်ရေနံကုမ္ပဏီ၏ ရစရာ ကြွေးကျန်များနှင့် ပေးစရာငွေပမာဏများက ရူပီး ၈၉၀ ဘီလီယံအထိ မြင့်တက်နေကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက The News သတင်းဌာနကို ပြောသည်။

သဘာဝဓာတ်ငွေ့ရည် LNG တင်သွင်းမှုနှင့်ပတ်သက်ပြီး ဓာတ်ငွေ့ကုမ္ပဏီ SNGPL ဘက်က ရူပီး ၄၀၀ ဒသမ ၂၅၈ ဘီလီယံရှိသည့် များပြားလှသော ပမာဏတစ်ရပ်ကို ပေးချေမှု မရှိသေးခြင်းက PSO အတွက် အဓိက ခေါင်းခဲစရာ ဖြစ်နေကြောင်း ၂၀၂၂ နိုဝင်ဘာ ၉ ရက်အထိ PSO ၏ ကြွေးကျန်နှင့် ပေးစရာငွေများဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ငွေ့ကုမ္ပဏီ SNGPL သည် လက်ရှိအချိန်တွင် PSO ကို ပေးရမည့် ရူပီး ၃၉၃ ဒသမ ၅ ဘီလီယံကို ပေးဆပ်ရန် ပျက်ကွက်ရတော့မည်ဟု ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly