ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ မြင့်တက်နေ

ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ၏ ဂီဂစ် ဘောလ်တီစတန်ဒေသတွင် ၂၀၀၅ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇွန်လအထိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည့် ဖြစ်စဉ်ပေါင်း ၅၇၃ ခု အထိ ဖြစ်ပွားခဲ့သည်။

“ဂီဂစ် ဘောလ်တီစတန်၌ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်စဉ်များ တားဆီးရေး၊ ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် ကဏ္ဍစုံ မဟာဗျူဟာနှင့် လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်မှု” ဟု ခေါင်းစဉ် တပ်ထားသည့် အစီရင်ခံစာတစ်ရပ် ထွက်ရှိခဲ့ပြီး ထိုအစီရင်ခံစာအရ ဂီဂစ် ဘောလ်တီစတန်၌ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုများကို ဖြစ်စေသည့် အကြောင်းရင်းများထဲတွင် အလုပ်အကိုင်မရှိခြင်းနှင့် ပညာရေးဖိအားတို့ ပါဝင်သည်ဟု ထုတ်ဖော်ထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

လက်ရှိ ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားသော ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုဖြစ်စဉ် အရေအတွက်သည် ၂၀၂၁ ခုနှစ်ကထက် နှစ်ဆ ပိုများကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

လူ့အသိုက်အဝန်းအတွင်း အမည်းစက်ထင်မှု၊ မိဘနှင့် သားသမီးအကြား ဆက်ဆံရေးတွင် လစ်ဟာမှု ဖြစ်ခြင်းနှင့် ကျွမ်းကျင်သူတို့၏ စိတ်ရောဂါကုသမှုစိတ်ရောဂါကုသမှု အကူအညီများ ရရှိမှု နည်းပါးခြင်း အပါအဝင် အခြားသော အကြောင်းအချက်များကလည်း ဂီဂစ် ဘောလ်တီစတန်၌ မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်စဉ်များကို မြင့်တက်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

၂၀၂၂ ခုနှစ်တွင် မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်စဉ်အရေအတွက်က သိသိသာသာ မြင့်တက်ခဲ့ပြီး ယခုနှစ် ပထမ ၇ လတာအတွင်း ဖြစ်စဉ် ၆၅ ခု ရှိခဲ့ရာ အဆိုပါအရေအတွက်သည် ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော် ပိုများခြင်း ဖြစ်ကြောင်း အစိုးရကိန်းဂဏန်းအချက်အလက်များကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြသည်။

မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်စဉ်များအနက် သေဆုံးသူ ၇၉ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်နှင့် ၃၉ နှစ်အကြား အသက်အပိုင်းအခြား ရှိသူများဖြစ်သည်။ ထို့ပြင် သေဆုံးသူအားလုံး၏ ထက်ဝက်ကျော်သည် အမျိုးသားများ (၅၄ ရာခိုင်နှုန်း) ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly