အမေရိကန်နှင့် မဟာမိတ်များ ဂျပန်နှင့် နိုင်ငံတကာရေပိုင်နက်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

By Standard Times
22 November 2022
အမေရိကန်နှင့် မဟာမိတ်များ ဂျပန်နှင့် နိုင်ငံတကာရေပိုင်နက်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အမေရိကန်၊ ဂျပန်၊ သြစတြေးလျနှင့် ကနေဒါ စစ်သင်္ဘောများသည် ဂျပန်နှင့် နိုင်ငံတကာ ရေပိုင်နက်များတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း အမေရိကန်ရေတပ်က နိုဝင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ကြေညာသည်။

တရုတ်ကို တိုက်ရိုက်မရည်ညွှန်းသော်လည်း အမှတ် ၇ ရေတပ်ဖွဲ့က ၂ နှစ်၁ ကြိမ်ပြုလုပ်သည့် ၂ ပတ်ကြာ Keen Sword လေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေးကို ပံ့ပိုးပေးရန် လိုအပ်ပြီး အရေးကြီးသော စွမ်းရည် များကို စိန်ခေါ်ရန် ဒီဇိုင်းထုတ်ထားသည်ဟု ဆိုသည်။

တရုတ်က ပိုမိုရန်လိုလာခြင်းအပေါ် အမေရိကန်နှင့် မဟာမိတ်များက ဒေသတွင်းတွင် အဓိက စစ်ရေး စိန်ခေါ်မှု အဖြစ် ရှုမြင်ကြသည်။

အခြားသော ဒေသတွင်း ထိပ်တန်းဖိုရမ်များအနက် အင်ဒိုနီးရှားတွင် ထိပ်သီးစီးပွားရေးအင်အားကြီး နိုင်ငံများ ပါဝင်သည့် ဂျီ-၂၀ အုပ်စု၏ အကြီးအကဲများ တွေ့ဆုံစဉ် ယင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဘိုင်ဒင်သမ္မတဖြစ်လာပြီးနောက်ပိုင်း ဂျီ-၂၀ အစည်းအဝေးတွင် တရုတ်နှင့် အမေရိကန်သမ္မတများ ပထမဆုံး အကြိမ် လူချင်းတွေ့ဆုံဆွေးနွေးခဲ့ခြင်းက မကြာသေးမီက ကုန်သွယ်ရေး၊ နည်းပညာနှင့် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်ပြီး တင်းမာမှုများ လျှော့ချရန် မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု အများအပြား ပါဝင်ပြီး အဝေး ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold က ၅ လက်မအရွယ်အမြှောက်ကို နိုဝင်ဘာ ၁၃ရက်တွင် ကျည် အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း အမှတ် ၇ ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ဖျက်သင်္ဘော ၃ စင်း၊ ကနေဒါ ဖရီးဂိတ် စစ်သင်္ဘော ၂ စင်းနှင့် သြစတြေးလျ ဖျက်သင်္ဘော ၁ စင်းတို့လည်း ပါဝင်ခဲ့သည်။

၂၀၂၂ခုနှစ်တွင် သြစတြေးလျနှင့် ကနေဒါ ရေတပ်များ၏ ပူးပေါင်းပါဝင်မှုသည် ဒေသတွင်းရှိ မဟာမိတ်များနှင့် မိတ်ဖက်များ၏ လုံခြုံရေး အကျိုးစီးပွားများကို ပံ့ပိုးရန် အသင့်ဖြစ်မှုနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင် မှုကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသလုံခြုံရေးသည် ယခင်ကထက် ယခုအချိန်တွင် စုပေါင်းအင်အားကို ပိုလိုအပ်နေကြောင်း Benfold ၏ တပ်မှူး မားကတ်ဆီဂါက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required