မြင်းမူမြို့ မြန်မာ့စီးပွါးရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

မြင်းမူမြို့ မြန်မာ့စီးပွါးရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွါးရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၂ရက် ည ၇နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘဏ်အစောင့် စစ်ကောင်စီတပ်သား ခုနှစ်ဦးကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း Zeroပြောက်ကျား တပ်ဖွဲ့မှ ကိုသက်ကြီးထံက သိရသည်။

“ဒီမစ်ရှင်(တိုက်ခိုက်မှု)မှာက အီနာဂါ လက်ပစ်ဗုံးကိုသုံးပြီး တိုက်ခဲ့တာ ဖြစ်တယ်ဗျ။ သတင်းအတိအကျ ရတာတော့ စစ်သား ငါးဦးသေတယ်။ နှစ်ဦး ဒဏ်ရာရ တယ်ဗျ။ ဘဏ်နားမှာ ရှိတဲ့ စာသင်ကျောင်းထဲက စစ်သားတွေကတော့ ရမ်းပြီး သေနတ်တွေ ဖောက်တာရှိတယ်။ ကျွန်တော်တို့ကလည်း ပစ်ပြီးပြေးရတာဆိုတော့ လက်နက်တွေ ဘာတွေ တော့မရလိုက်ဘူး။ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်လောက်မှမကြာဘူး။ လူနာတင်ကားတွေ နဲ့ လာသယ် သွားတယ်” ဟု ကိုသက်ကြီးက ပြောသည်။

မြို့ပေါ်တွင် ဆောင်ရွက်ရသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမို၍ ဂရုစိုက်ရသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Zeroပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊ မြင်းခြံ ခရိုင် တပ်ရင်း (၇) နှင့် True Fighter တပ်ဖွဲ့ တပ်ခွဲ (၃) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly