အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရ

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရ

နိုဝင်ဘာလ ၂၂ ရက်
 

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့ရာ မြန်မာစစ်ကောင်စီ ကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး ပါဝင်တက်ရောက်ခွင့်မရခဲ့ဟု သိရသည်။

COVID-19 ကပ်ရောဂါ အရှိန်လျော့ကျလာခြင်းနှင့်အတူ အာဆီယံသည် ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဦးဆောင်မှုအောက်တွင် လူကိုယ်တိုင် တက်ရောက်ရသည့် အစည်းအဝေးများကို စတင်ကျင်းပနေခဲ့သည်။

သို့သော် မြန်မာ့အကျပ်အတည်း ပြေလည်စေရေး အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ် ဖော်ဆောင်ရာတွင် တိုးတက်မှု ကင်းမဲ့နေခြင်းကြောင့် စစ်ကောင်စီအပေါ် အပြစ်ဆိုထားသည့် အာဆီယံသည် အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများတွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ကို မဖိတ်ဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားထားခဲ့သည်။

ယခု အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း ပထမဆုံးအကြိမ်အဖြစ် ယင်းကဲ့သို့ လုပ်ဆောင်လာခဲ့သည်။ ဤမတိုင်မီက စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ၂၀၂၁ ခုနှစ်က အွန်လိုင်းမှ ကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) တွင် ပါဝင်တက်ရောက်ခဲ့သည်။ ထို့ပြင် ၂၀၂၂ ဇွန်လတွင် ၎င်းသည် ဖနွမ်းပင်တွင် ADMM အစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ခုခံတော်လှန်ရေးတပ်ဖွဲ့များကို နှိမ်နင်းရန် ကြိုးပမ်းသည့် လုပ်ဆောင်မှုအတွင်း အရပ်သားပြည်သူများကို တမင်သက်သက် ပစ်မှတ်ထားနေသည်ဟု စွပ်စွဲခံထားရသည့်အတွက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးများ၌ မြထွန်းဦး ပါဝင်တက်ရောက်ခြင်းက အငြင်းပွားဖွယ် ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ပြည်သူ တစ်သန်းကျော် အိုးအိမ်စွန့်ခွာထားခဲ့ကြရပြီး ခန့်မှန်းခြေအားဖြင့် အရပ်ဖက် အိမ်၊ အဆောက်အအုံ ၃၀,၀၀၀ ကျော် မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly