ရဟတ်ယာဉ်ဝယ်ယူ ငှားရမ်းသည့်ကိစ္စ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

ရဟတ်ယာဉ်ဝယ်ယူ ငှားရမ်းသည့်ကိစ္စ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

နိုဝင်ဘာလ ၂၂ ရက်

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းသည့်လုပ်ငန်းစဉ်များအားလုံးကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကိုယ်တိုင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

သဘာဝဘေးအတွက် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ် တစ်စီး ဝယ်ယူခြင်းတို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟု စွပ်စွဲထားသည့် အမှုငါးမှု အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး ယနေ့ ရုံးချိန်းတွင် စစ်ဆေးမှုပြီးစီးခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရဟတ်ယာဉ် ငှားရမ်းသည့်ကိစ္စအပေါ် အဂတိဖြင့် စွပ်စွဲထားသည့် အမှုတစ်မှုအတွက် စတင် စစ်ဆေးခဲ့ရာ အထက်ပါအတိုင်း ထွက်ဆိုသွားခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လာမည့် ရုံးချိန်းများတွင်လည်း ကျန်ရှိနေသည့်အမှုလေးမှုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုငါးမှုကို စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦးက တရားလိုပြုလုပ်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDအစိုးရလက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်၍ ရုံးတွင်းစာများဖြင့် တင်ပြလာသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ထွက်ဆိုထားကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly