ချင်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၍ သေနတ် ၁၁ လက်သိမ်းဆည်းရမိ

ချင်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၍ သေနတ် ၁၁ လက်သိမ်းဆည်းရမိ

နိုဝင်ဘာလ ၂၂ ရက်

ချင်းပြည်နယ် ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၍ သေနတ်မျိုးစုံ ၁၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော် (CNA)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ ၁၈ရက်နေ့အထိ ပြုစုထားသည့် စာရင်းများအရ ဟားခါး မြို့ရှိ စစ်ကောင်စီစခန်း ၊ ဂိတ်များနှင့် သီးမြစ် အနီးဝန်းကျင် တိုက်ပွဲများတွင် စစ်ကောင်တပ်သားများ သေဆုံးခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိ ခြင်းဖြစ်ကြောင်း CNA ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက နယ်မြေကျွမ်းကျင်မှု အသာစီးနဲ့ တိုက်ခိုက် ခဲ့ရတဲ့ အတွက် စစ်ကောင်စီတပ်ဖွဲ့တွေ အခုလိုအထိနာနေကြတာပါ” ဟု ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က ဟားခါးမြို့နယ် သီးမြစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုအပြီး စစ်ကောင်စီသည် တိုက်လေယာဉ် ဂျက်ဖိုက်တာ နှစ်စီးအပြင် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆလိုင်းထက်နီထံက သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်ရှိ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကောင်စီတပ်မှာ ခလရ (၂၀၄) ဖြစ်ပြီး ယခင်က တိုက်ခဲ့သော ခလရ (၂၀၃) မှ တပ်ရင်းတစ်ရင်းလုံးတွင် စစ်ကောင်စီတပ်သား ၁၇ ယောက်သာကျန်သဖြင့် အစားထိုးဝင်ရောက်လာ ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ်ဦးက ဦးဆောင် နေကြောင်းသိရသည်။

အဆိုပါတိုက်ပွဲများကို ချင်းအမျိုးသားတပ်မတော် CNA နှင့်အတူ CDF – Hakha ၊ CDF – Zophei ၊ CDF – Thantlang တို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော်တစ်ဦး အသက်ကို စွန့်လွှတ်ခဲ့ရကြောင်း ဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၂ရက် တွင်လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာမှ သီးမြစ်ဝန်းကျင်တဝိုက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန်မြင့်လာဖွယ် ရှိသည်ဟု ဆလိုင်းထက်နီက သုံးသပ်ပြောကြားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီသည် လေကြောင်း မှ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းအား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ဂျက်လေယာဉ် နှစ်စီး ၊ ရဟတ်ယာဉ် ငါးစီးဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly