ဘော်စတွန်မြို့တွင် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို လူ ၂၀၀ ကျော် လာရောက် ကြည့်ရှု

ဘော်စတွန်မြို့တွင် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို လူ ၂၀၀ ကျော် လာရောက် ကြည့်ရှု

နိုဝင်ဘာလ ၂၁ ရက်

အမေရိကန်ပြည်ထောင်စု - မက်ဆာချူးဆက်ပြည်နယ် ၊ ဘော်စတွန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတင်ဆက်သည့် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို ဘော်စတွန်မြို့နှင့် နယူးအင်္ဂလန်ဒေသဝန်းကျင်မှ မြန်မာလူမျိုး ၂၀၀ကျော် လာရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်ရှင်ကို ဘော်စတွန်မြို့ West Newton Cinema တွင် ပြည်သူ့ဂုဏ်ရည်အသင်း (နယူးအင်္ဂလန်ဌာနခွဲ)က စီစဉ်ကာ နိုဝင်ဘာလ ၂၀ ရက် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ပြသခဲ့ခြင်းဖြစ်သည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။

ရုပ်ရှင်ပြသပွဲတွင် ရန်ပုံငွေရရှိရေးအတွက် အမှတ်တရ T- Shirt နှင့် Hoodies များ ရောင်းချခြင်း၊ မတ်ခွက်များရောင်းချခြင်း ၊ ကိုပေါက်ကိုယ်တိုင်ရေးဆွဲထားသည့် ပုံတူပန်းချီကားများအား လေလံတင်ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဓါတ်သင်ပုန်းဖန်တီးရှင် မလှလှဝင်းနှင့် ကိုရန်မင်းအောင်တို့ကလည်း 360 ed ပညာရေးသင်ထောက်ကူ ပစ္စည်းများကို ရန်ပုံငွေအဖြစ် ရောင်းချလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပွဲမှရရှိသည့် ရန်ပုံငွေအားလုံးကို ဒါရိုက်တာကိုပေါက်၏ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီ၏ စီစဉ်မှုဖြင့် မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်များအား လူသားချင်းစာနာမှုအကူအညီများအဖြစ် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly