ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စများ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရန်သာ လမ်းညွှန်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ထွက်ဆို

ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စများ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရန်သာ လမ်းညွှန်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ထွက်ဆို

နိုဝင်ဘာလ ၂၁ ရက်

ရဟတ်ယာဉ်ဝယ်ယူ ၊ငှားရမ်းသည့် ကိစ္စများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်သာ လမ်းညွှန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ရုံးချိန်းတွင် ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည် ။

ယနေ့ ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့်အား ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်၍ အဂတိဖြင့် စွပ်စွဲထားသည့် အမှုများထဲမှ အမှုသုံးမှုအတွက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦးက နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရလက်ထက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စုစုပေါင်း အမှုငါးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီးဝယ်ယူခြင်းတို့တွင် အဂတိလိုက်စားသည်ဟု စွပ်စွဲထားသည့် အမှုငါးမှုတွင် နှစ်မှုမှာ ရဟတ်ယာဉ်တစ်စီးဝယ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျန်သုံးမှုမှာ ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာတွင်လည်း သမ္မတဦးဝင်းမြင့်က ၎င်းအား စွပ်စွဲထားချက်နှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်းကို ဥပဒေအကိုးအကားများဖြင့် ထွက်ဆိုသွားသည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly