စစ်ကောင်စီ၏ အကျဉ်းသားများ ပြန်လွှတ်ခြင်းက အပေါ်ယံ ဟန်လုပ်ခြင်းဖြစ်နိုင်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော 

စစ်ကောင်စီ၏ အကျဉ်းသားများ ပြန်လွှတ်ခြင်းက အပေါ်ယံ ဟန်လုပ်ခြင်းဖြစ်နိုင်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော 

နိုဝင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအုပ်စုက မကြာသေးမီက အကျဉ်းသာ ထောင်ပေါင်းများစွာကို ပြန်လွှတ်ပေးလာခြင်းသည် နိုင်ငံတကာအမြင်၌ “တိုးတက်မှုကို ဖော်ဆောင်သည်ဟု အပေါ်ယံ ဟန်လုပ်ခြင်း” ကို ဖန်တီးခြင်း ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂ ပညာရှင်တစ်ဦးက တနင်္လာနေ့တွင် ပြောသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့ အမျိုးသားအောင်ပွဲနေ့၌ အကျဉ်းသား ၅,၇၀၀ ခန့်ကို မြန်မာနိုင်ငံ၌ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြန်လွှတ်ပေးရာတွင် နိုင်ငံခြားသားများလည်း ပါဝင်ပြီး ဩစတြေးလျပညာရှင်တစ်ဦး၊ ဂျပန်ဒါရိုက်တာတစ်ဦး၊ ဗြိတိန်သံတမန်ဟောင်းတစ်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးတို့လည်း ပါဝင်သည်။ ယခုကဲ့သို့ ပြန်လွှတ်ပေးခြင်းကို ဩစတြေးလျ၊ အမေရိကန်နှင့် လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုပြီး အခြားသော တရားလက်မဲ့ ဖမ်းဆီးထားသည်များကိုလည်း ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ 

“ခုလို လွှတ်ပေးတာကို ကျွန်တော် ကြိုဆိုပါတယ်လေ၊ ဒါပေမဲ့ စစ်အာဏာသိမ်းအုပ်စုဟာ နိုင်ငံတကာအမြင်မှာ မျက်နှာပန်းရအောင် ကြိုးစားတာလို့ပဲ ကျွန်တော် သတိထားမိတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက တောင်ကိုရီးယားရှိ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောသည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဲဒီ အကျဉ်းသားတွေ ပြန်လွှတ်ပေးတာကို စစ်အာဏာသိမ်းအုပ်စုက ပျော့ပျောင်းလာပြီဆိုပြီး မချီးကျူးသင့်ဘူး”ဟု ၎င်းက ပြောသည်။ 

အချို့ကို ချက်ချင်းပင် ပြန်လည်ဖမ်းဆီးသည့် သတင်းများ ရရှိထားကြောင်းလည်း ၎င်းက ပြောသည်။ ထိုပြင် ပြီးခဲ့သည့် သီတင်းပတ်က ယင်းသို့ အကျဉ်းသားများ ပြန်လွှတ်ပြီး ၂၄ နာရီအတွင်းမှာပင် အနောက်ပိုင်း ရခိုင်ပြည်နယ်၌ ကျေးရွာတစ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ လူ ဆယ်ဦး အနည်းဆုံး သေဆုံးရသည်ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းချိန်မှစကာ နိုင်ငံရေးပြစ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း ၁၆,၂၃၀ နီးပါးရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တစ်ရပ်အရ သိရသည်။ 

သောမတ်စ် အင်ဒရူးသည် တောင်ကိုရီးယားသို့ ခြောက်ရက်တာ ခရီးစဉ် နောက်ဆုံးနေ့၌ အထက်ပါအတိုင်း ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား၏ စီးပွားရေး လုပ်ဆောင်မှုများမှ မြန်မာစစ်တပ်အတွက် အကျိုးအမြတ် ရရှိနေခြင်းမျိုး မရှိအောင် မြန်မာစစ်အာဏာသိမ်းအုပ်စုအပေါ် ကိုင်တွယ်ရမည့် အရေးများကို ယခု ကိုရီးယားခရီးစဉ်အတွင်း ၎င်းသည် တောင်ကိုရီးယားတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တောင်ကိုရီးယားတွင် ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသားများနှင့်လည်း ၎င်းက တွေ့ဆုံခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly