ဖျာပုံအကျဥ်းထောင်ရှိ အကျဥ်းသားများအပေါ် ဖိနှိပ်မှုများအကြောင်း ထောင်တွင်းအကျဥ်းသားများ ထုတ်ပြန်

ဖျာပုံအကျဥ်းထောင်ရှိ အကျဥ်းသားများအပေါ် ဖိနှိပ်မှုများအကြောင်း ထောင်တွင်းအကျဥ်းသားများ ထုတ်ပြန်

နိုဝင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း ၊ ဖျာပုံအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဥ်းသားများက ဖျာပုံအကျဥ်းထောင်အတွင်း မတရားဖိနှိပ်မှုများ ရှိနေမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၄ရက်နေ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် အချက် ငါးချက်ဖြင့် ဖော်ပြထားပြီး ၎င်းတို့၏ ထုတ်ပြန်ချက်အား တာဝန်ရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း(ICRC)နှင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC )တို့က လာရောက်ကြားနာ၍ အရေးယူဖြေရှင်းပေးပါရန် တောင်းဆိုထားသည်။

"နိုင်ငံရေးအကျဥ်းသားများ၊ အချုပ်သားများနှင့် အခြားအကျဉ်းသား၊အချုပ်သားများအား "အကျဉ်းထောင်လက်စွဲဥပဒေ"အား သွေဖယ်၍ သွေးထွက်သံယို ဖြစ်သည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများနှင့် ဆဲဆိုခြင်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း"

"အကျဉ်းသား၊အချုပ်သားများအားလုံး ခံစားရရှိထိုက်သော အစားအသောက်များအား နိုင်ငံတော်မှ ခွင့်ပြုထားသည့် အချိုးအစားပုံစံများအတိုင်း တိကျစွာ ကျွေးမွေးမှု မရှိခြင်း"

"အချုပ်သားများနှင့် နိုင်ငံခြားသားဟု သတ်မှတ်ထားသော လူမျိုးခြား၊ဘာသာခြားအကျဉ်းသားများအား "လုပ်အားပေး" ဟု အကြာင်းပြကာ အလုပ်ကြမ်းများကို နားရက်မရှိ (တနင်္ဂနွေနေ့အပါအဝင်) ထောင်တွင်းထောင်ပြင် ခိုင်းစေခြင်း"

"ထောင်ဆေးပေးခန်းတွင် ဆေးဝါးများ ပြည့်စုံလုံလောက်မှုမရှိခြင်းနှင့် ထိရောက်သောကုသမှုများ မပေးနိုင်သဖြင့် အကျဉ်းသားအချုပ်သားများ အသက်ဆုံးရှုံးသည်အထိ နစ်နာမှုများရှိခြင်း"

"အကျဉ်းထောင် တာဝန်ခံအရာရှိ (ထောင်ပိုင်) နေဖြင့် မိမိ၏ အာဏာနှင့်လုပ်ပိုင်ခွင့်အား လွဲမှားစွာ အသုံးချ၍ လက်အောက်ခံ ဝန်ထမ်းများနှင့် အကျဉ်းသား၊ အချုပ်သားများအပေါ် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ မတရားဖိနှိပ်မှုများရှိခြင်း" စသည့် အချက် ငါးချက်ဖြင့် ဖျာပုံအကျဥ်းထောင်ရှိ အကျဥ်းသားများက ထုတ်ပြန်ထားခြင်းဖြစ်သည်။

၎င်းတို့ထုတ်ပြန်ထားသည့် အချက်ငါးချက်ပါ အကြောင်းအရာများကြောင့် ဖျာပုံထောင်အတွင်းရှိ အကျဉ်းသား၊ အချုပ်သားများအနေဖြင့် အကျဉ်းထောင်တာဝန်ခံအရာရှိ (ထောင်ပိုင်) ဦးဇော်ထွန်းဦးအား ၎င်းတို့၏ အကြီးအကဲတောင်ပိုင် တစ်ဦးအဖြစ် လုံးဝ(လုံးဝ) အသိအမှတ် မပြုနိုင်သည့်အတွက် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ အပတ်စဉ် ပြုလုပ်နေကျဖြစ်သော ထောင်ပိုင်တန်းစီအား မပြုလုပ်ဘဲ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

လက်ရှိတွင် ဖျာပုံအကျဥ်းထောင်၌ ဖမ်းဆီးခံထားရသည့် အကျဥ်းသူ ၊အကျဥ်းသား ၅၀၀ခန့် ရှိသည်ဟုသိရပြီး အဆိုပါ အကျဥ်းသားများအနက် စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်ခန့်ရှိကြောင်း အကျဥ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly