လိင်ကိစ္စကြောင့် မဟုတ်ဘဲ လုပ်ငန်းခွင်ဆက်ဆံရေးနစ်နာမှုကိစ္စ တိုင်ကြားခံရခြင်းသာဖြစ်ကြောင်း VOA ဌာနမှူးပြော

လိင်ကိစ္စကြောင့် မဟုတ်ဘဲ လုပ်ငန်းခွင်ဆက်ဆံရေးနစ်နာမှုကိစ္စ တိုင်ကြားခံရခြင်းသာဖြစ်ကြောင်း VOA ဌာနမှူးပြော

နိုဝင်ဘာလ ၂၀ ရက်

လိင်ကိစ္စကြောင့် မဟုတ်ဘဲ လုပ်ငန်းခွင်ဆက်ဆံ ရေးနစ်နာမှုကြောင့် တိုင်ကြားခံရခြင်းသာဖြစ်ကြောင်း VOA ဌာနမှူး ဦးသန်းလွင်ထွန်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" လူတွေလည်း သူတပါးနစ်နာအောင်အတော်ရေးအတော်ပြောကြသဗျ။ လုပ်ငန်းခွင်မှာ တိုင်တယ် စစ်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုး လုပ်စဉ်မို့ ဘာမှချဲ့ကားပြောနေစရာမလိုဆိုပြီး ခပ်ရှင်းရှင်းပြော လိုက်တာကို ကိုးကားပြီး FB မှာ ပွထကုန်ရော။ဖြစ်တာက အထက်အောက်လုပ်ငန်းခွင်ဆက်ဆံရေးကိစ္စနဲ့နစ်နာမှု labor relation ပြသနာ.. ပွထချဲ့ကားကုန်တာက လိင်မှုပြဿနာ တွေဆိုဘဲ။ လက်ညိုးထိုးတယ် အတင်းတုပ်တယ်ဆိုတာ အင်မတန်လွယ်တယ်။ကြားသမျှကိုချဲ့ကားရေးတဲ့သတင်းတွေကလဲ ဒီကာလကြီးထဲပေါမှပေါ" ဟု ဦးသန်းလွင်ထွန်းက ရေးသားထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထပ်မံဖြေကြားစရာမရှိကြောင်း ဦးသန်းလွင်ထွန်းက ဆက်လက်ရေးသားထားသည်။

အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု Myanmar now သတင်းဌာနက ရေးသားဖော်ပြထားသည်။

ဦးသန်းလွင်ထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်များတွင် Myanmar Now သတင်းဌာန၏ အမည်ကို ဖော်ပြထားခြင်းမရှိပေ။

VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်သည့် မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားရာအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း၊ မယူမနေရ ခွင့်ကန့်သတ်ထားအချိန်တွင် သတင်းဌာန၏ လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများနှင့်ပါ ဆက်သွယ်ခြင်း မပြုရန် ဦးသန်းလွင်ထွန်းကို ကန့်သတ်ခံထား သည်ဟု Myanmar Now က ဖော်ပြထားသည်။

သို့သော် လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေသည်ဟု ဦးသန်းလွင်ထွန်းက ဆိုသည်။

" ကျနော်အကောင်းပကတိနဲ့ပုံမှန် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းပါခင်ဗျား" ဟု ဦးသန်းလွင်ထွန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြန်မာပိုင်းအပါအဝင် VOA သတင်းဌာနတစ်ခုလုံးသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာအေဂျင်စီဖြစ်သည့် US Agency for Global Media (USAGM) အဖွဲ့၏ အုပ်ချုပ်မှု အောက်တွင်ရှိသည်။

ဦးသန်းလွင်ထွန်းသည် VOA ၌ ၂၀၀၄ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကာ ယခင်က BBC သတင်းဌာန၌လည်း အသံလွှင့်သတင်းထောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly