စစ်ကောင်စီက NLD ဗဟို အလုပ်အမှုဆောင် ၃ ဦးကို လွှတ်ပေး၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးထား

စစ်ကောင်စီက NLD ဗဟို အလုပ်အမှုဆောင် ၃ ဦးကို လွှတ်ပေး၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးထား

နိုဝင်ဘာလ ၂၀ ရက်

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားနေ့ အထိမ်းအမှတ်ဟုဆိုကာ အကျဉ်းသား ၅,၇၇၄ဦးကို လွှတ်ပေးခဲ့သည်။ ထိုသို့ အကျဉ်းသား အမြောက်အမြား လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များအနက် ဗဟိုအလုပ်အမှုဆောင်(CEC) များဖြစ်ကြသည့် ဒေါက်တာမျိုးညွန့်၊ ဒေါ်ခင်ဌေးကြွယ် နှင့် ဦးသိန်းဦးတို့ သုံးဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းထားသည့် နှစ်နှစ်နီးပါး ကြာလာချိန်အထိ NLD ပါတီဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့ကို အမှုပေါင်းများစွာဖြင့် တရားစွဲဆို ဖမ်းဆီးထားသည့်အပြင် အခြား NLD ပါတီအဖွဲ့ဝင်များမှာလည်း စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများဖြင့် အကျဉ်းထောင်အသီးသီးတွင် တရားရင်ဆိုင်နေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသည့် NLD ပါတီ CEC စုစုပေါင်း လေး ဦးရှိလာပြီဖြစ်သည်။ အဆိုပါ CEC လေးဦးမှာ ဦးဟံသာမြင့် ၊ ဦးသိန်းဦး၊ ‌ဒေါက်တာမျိုးညွန့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့ဖြစ်သည်။ ၎င်းတို့အနက် ဦးဟံသာမြင့်၊ ဦးသိန်းဦးနှင့် ဒေါက်တာမျိုးညွန့်တို့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာကြသူများ ဖြစ်သည်။

“နိုင်ငံတကာ ဖိအားတွေ လျော့သွားအောင်ရယ် ၊ နောက်ပြီးကျတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံဆုံးဖြတ်ချက် ၁၅ ချက်က စကစအပေါ် အရေးယူနိုင်တဲ့ အချက်တွေ ပါလာတာပေါ့နော်။ သူ့အနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အချိန်ကာလနဲ့ အညီ ထောက်ခံပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေ ရှိလာတယ်။ နောက် NUGနဲ့ နီးကပ်တဲ့ ဆက်ဆံဖို့ မူဝါဒက ရှိလာတယ်။ အဲဒီအ‌ပေါ်မှာ စိုးရိမ်မှုနဲ့ ဖြေလျှော့တာပဲ” ဟု NLD ပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းမှု မဖြစ်ခင်က အမျိုးသား ဒီမိုကရေစီဖွဲ့ချုပ်တွင် ဗဟိုအလုပ် အမှုဆောင်၂၀ ဦးရှိခဲ့သည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် NLD ဗဟိုအလုပ်အမှု ဆောင်(CEC)အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့် ၊ ဦးဖြိုးမင်းသိန်း ၊ ဒေါက်တာမျိုးအောင်၊ ဦးဟံသာမြင့် ၊ဒေါ်ခင်ဌေးကြွယ် ၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦးနှင့် ဦးဉာဏ်ဝင်းတို့သည့် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အခြား CEC အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ကြည်ညွန့် ၊ ဒေါက်တာမေဝင်းမြင့် ၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာတင်မျိုးဝင်းနှင့် ဦးအင်ထုံခါးနော်ဆမ် တို့မှာမူ စစ်တပ်၏ ဖမ်းဆီးခြင်း မခံခဲ့ရပေ။

စစ်တပ်က ဖမ်းဆီးခဲ့သည် NLD ပါတီ CEC အဖွဲ့တွင် အသက်အရွယ်ကြီးမြင့်ကာ ရောဂါဝေဒနာများရှိနေသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်နေပြီး အဆိုပါ ပုဂ္ဂိုလ်များသည် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ အကျဉ်းထောင်များ တွင် ခါးသီးစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။

ထို့ကြောင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကိုရင်ဆိုင်ရင်း ပါတီဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် ဆေးကုသမှု ကောင်းကောင်းခံယူရခြင်း မရှိဘဲ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၀ရက် နေ့တွင် COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့ရသည်။

“ ထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့တယ်။ ဘာနဲ့ပဲ ကွယ်လွန်သည်ဖြစ်စေ ဖမ်းဆီးချုပ် နှောင်ထားတဲ့ သူတို့မှာ တာဝန်ရှိတယ်။ အလောင်းတောင် ပြန်မရဘူး။ နောက်ပြီးတော့ COVID ဆိုပြီး ကောက်တပ်လိုက်တာ”ဟု ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမ ကိုပြောသည်။

လက်ရှိအချိန်တွင် ပြင်ပသို့ရောက်ရှိနေသူ‌ NLD ပါတီ CEC ကိုးဦးအနက် ဒေါ်မေဝင်းမြင့် ၊ ဦးတင်ထွဋ်ဦးနှင့် ဦးအောင်ကြည်ညွန့်တို့သာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ဗဟိုအလုပ်ကော်မတီ (CWC) အဖွဲ့တွင် ပါဝင်နေကြောင်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ပါတီ CEC ၁၉ ဦးသာ ကျန်ရှိခဲ့ပြီး ၁၀ ဦးမှာ စစ်ကောင်စီ၏ အကျဉ်း‌‌ထောင်များ အတွင်းတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသည်။

စစ်ကောင်စီက NLD ပါတီ CEC များကို ဖမ်းဆီးထားသည့် အတွက် CEC များ အားလုံး စုံညီအစည်းအဝေးမပြုလုပ်နိုင်မီအချိန်အထိ ပါတီ၏ လုပ်ငန်းများကို ဗဟို အလုပ်ကော်မတီ (CWC) က ဆက်လက် လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ခေါင်းဆောင် ပြောတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် CEC တွေစုံညီ အစည်းအဝေး ကျင်းပနိုင်တဲ့အထိ ကျွန်တော်တို့ CWC ကပဲတာဝန် ယူထားရတာ ဖြစ်ပါတယ်။ CEC တွေအား လုံးစုံညီအစည်းအဝေး လုပ်နိုင်ပြီဆိုရင် ဒီတာဝန်တွေကို လွှဲအပ်သွားမှာဖြစ်ပါတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂၀၂၀ ရွေးကောက်ပွဲ အတွင်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်နေရာများအတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၁,၁၁၇ ဦးရှိသည့်အနက် စုစုပေါင်းရွေး ကောက်ခံ ကိုယ်စားလှယ် ၉၂၀ ဦးဖြင့် အစိုးရဖွဲ့နိုင်သည်အထိ “‌ေသာင်ပြိုကမ်းပြို” အနိုင်ရရှိခဲ့သည်။

သို့သော်လည်း ထိုသို့အနိုင်ရမှုအပေါ် ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု စစ်တပ်က စွပ်စွဲ၍ အာဏာသိမ်းမှုကို ကျူးလွန်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းမှုကို ကျူးလွန်ပြီးနောက် NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည့်အပြင် ပါတီဝင်များကို ဖမ်းဆီးခြင်း၊ နေအိမ်များကိုချိပ်ပိတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို ဆက်လက် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိ လွှတ်တော် ကိုယ်စားလှယ် ၉၀ ဦးအပါအဝင် NLD ပါတီဝင် စုစုပေါင်း ၁,၁၆၉ ဦးကို ဖမ်းဆီး ထားသည်။ စစ်ကောင်စီက ဖမ်းဆီးထားစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် နှစ် ဦးအပါအဝင် NLD ပါတီဝင် ၆၇ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - Chair NLD ( ပုံဟောင်း )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly