အမေရိကန်တွင် တရုတ်ရဲစခန်းများ ဖွင့်လှစ်ထားသည်ဆိုသော သတင်းအပေါ် အက်ဖ်ဘီအိုင် စိုးရိမ်နေ

အမေရိကန်တွင် တရုတ်ရဲစခန်းများ ဖွင့်လှစ်ထားသည်ဆိုသော သတင်းအပေါ် အက်ဖ်ဘီအိုင် စိုးရိမ်နေ

အမေရိကန်နိုင်ငံအတွင်း တရုတ်အစိုးရနှင့် ဆက်စပ်နေသည့် ရဲစခန်းများ လျှိူ့ဝှက်စွာ ဖွင့်လှစ်ထားသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) က စိုးရိမ်လျက်ရှိသည်။

စက်တင်ဘာလအတွင်း NGO Safeguard Defenders အဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် နယူးယော့ခ်မြို့အပါအဝင် ကမ္ဘာအနှံ့တွင် တရုတ်က ယင်းကဲ့သို့ ရဲစခန်းများ ဖွင့်နေကြောင်းကို ဖော်ပြထားသည်။

အမေရိကန်ဆီးနိတ်လွှတ်တော် ပြည်တွင်းလုံခြုံရေးနှင့် အစိုးရရေးရာကော်မတီ၏ ကြားနားမှု တစ်ခုအတွင်း အကြီးတန်း လွှတ်တော်အမတ်များက ရှင်းလင်းချက်တောင်းခြင်းအပေါ် ပြန်လည်ဖြေဆိုရာတွင် အက်ဖ်ဘီအိုင် ဒါရိုက်တာခရစ်စတိုဖာရူရေးက ထွက်ပေါ်နေသည့် ယခုသတင်းနှင့် ပတ်သက်၍ စုံစမ်းစောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

“ဒီစခန်းတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သတိထားစောင့်ကြည့်နေပါတယ်။ ကျွန်တာ့်အမြင်ပြောရရင်တော့ တရုတ်ရဲတွေက နယူးယော့ခ်မှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ရှက်စရာပါပဲ။ ဒါဟာ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု စံနှုန်းကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်” ဟု ရေးက ပြောကြားသည်။

စပိန်နိုင်ငံအခြေစိုက် NGO Safeguard Defenders အဖွဲ့၏ ထုတ်ပြန်ချက်တွင် တရုတ်ပြည်သူ့လုံခြုံရေး ဗျူရိုများသည် ကမ္ဘာ့တိုက်ကြီးအများအပြားတွင် နိုင်ငံရပ်ခြား ရဲစခန်းများကို ဖွင့်လှစ်ထားရာတွင် လန်ဒန်မြို့တွင် ၂ ခု၊ စကော့တလန်တွင် ၁ ခု၊ မြောက်အမေရိကတိုက်ရှိ တိုရန်တိုနှင့် နယူးယော့ခ်တို့တွင်လည်း ဖွင့်လှစ်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ ရဲဌာနများက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရန်နှင့် ပြည်ပရောက် တရုတ်နိုင်ငံသားများအတွက် ပြည်ပယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဝန်ကိစ္စရပ်များကဲ့သို့ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးရန်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်အစိုးရက အဆိုပါ ပြည်ပရဲစခန်းများကိစ္စကို ငြင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly