အာဖဂန်တွင် အစ္စလမ္မစ်ဥပဒေကို အပြည့်အဝ အာဏာတည်စေရေး တာလီဘန်အမြင့်ဆုံးခေါင်းဆောင် ညွှန်ကြား

အာဖဂန်တွင် အစ္စလမ္မစ်ဥပဒေကို အပြည့်အဝ အာဏာတည်စေရေး တာလီဘန်အမြင့်ဆုံးခေါင်းဆောင် ညွှန်ကြား

အာဖဂန်နစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ကြီးထွားနေစဉ် အဆိုပါနိုင်ငံ၌ အစ္စလမ္မစ် ဥပဒေကို အပြည့်အဝ ဖော်ဆောင်ရန် တာလီဘန် အမြင့်ဆုံးခေါင်းဆောင် ဟီဘတ်တူလာ အက်ခွန်ဇာဒါက တရားသူကြီးများကို ညွှန်ကြားလိုက်သည်။

တာလီဘန် ခေါင်းဆောင် ဟီဘတ်တူလာ အက်ခွန်ဇာဒါသည် တရားသူကြီး အဖွဲ့တစ်ခုနှင့် တွေ့ဆုံပြီးနောက် အဆိုပါ အမိန့်ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။

“သူခိုးတွေ၊ ပြန်ပေးဆွဲသူတွေနဲ့ နိုင်ငံကို အကြည်ညိုပျက်အောင်လုပ်သူတွေရဲ့ အမှုကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ တရားသူကြီးတွေနဲ့ အစည်းအဝေးတစ်ခုမှာ ခေါင်းဆောင်ဖြစ်သူက ညွှန်ကြားခဲ့တယ်။ ကန့်သတ်ပိတ်ပင်မှုနဲ့ ပြစ်ဒဏ်ခတ်မှုနဲ့သက်ဆိုင်တဲ့ ရှာရီယာ သတ်မှတ်ချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ အဲဒီလို ကိစ္စတွေနဲ့ပတ်သက်လို့ ခင်ဗျားအနေနဲ့ ကန့်သတ်ချက်တွေလုပ်ဖို့နဲ့ ဒဏ်ခတ်ဖို့ အမိန့် ထုတ်ပြန်ရမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒါက ရှာရီယာရဲ့ ညွှန်ကြားချက်ဖြစ်တယ်။ ဒါကို ဆောင်ရွက်ဖို့ တာဝန်ရှိတယ်” ဟု ဇာဘီဟူလာ မူဂျာဟစ်က နိုဝင်ဘာ ၁၃ ရက်တွင် တွစ်တာတွင် ရေးသည်။

တာလီဘန် ခေါင်းဆောင်၏ အမိန့်ညွှန်ကြားချက်ကို နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း နောက်ထပ် တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ “လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေမှာ ပါဝင်ပတ်သက်ကျူးလွန်သူတွေ အပြစ်ပေးခံရပါလိမ့်မယ်” ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ယူဆက်ဖ် အာမာဒီက TOLO news ကို ပြောသည်။

ယင်းသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း တာလီဘန်ခေါင်းဆောင်ဖြစ်သူက နိုင်ငံတစ်ဝန်း အစ္စလမ္မစ် ဥပဒေ၏ ရှုထောင့်စုံကို အပြည့်အဝ အကောင်အထည်ဖော်ရန် ပထမဆုံးအကြိမ် တရားဝင် ညွှန်ကြားချက်တစ်ရပ် ထုတ်ခြင်း ဖြစ်ကြောင်း အာဖဂန် သတင်းအေဂျင်စီက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly