ဆော်ဒီ အိမ်ရှေ့မင်းသား၏ ခရီးစဉ် ရွှေ့ဆိုင်းမှုကြောင့် ပါကစ္စတန်အစိုးရနှင့် အတိုက်အခံပါတီအကြား အငြင်းအခုံဖြစ်

ဆော်ဒီ အိမ်ရှေ့မင်းသား၏ ခရီးစဉ် ရွှေ့ဆိုင်းမှုကြောင့် ပါကစ္စတန်အစိုးရနှင့် အတိုက်အခံပါတီအကြား အငြင်းအခုံဖြစ်

ဆော်ဒီအာရေးဗျ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆော်လ်မန်၏ ပါကစ္စတန်ခရီးစဉ် ရွှေ့ဆိုင်းမှုနှင့်ပတ်သက်ပြီး ပါကစ္စတန် ညွန့်ပေါင်းအစိုးရနှင့် အဓိက အတိုက်အခံပါတီ တေရက်-အီ-အင်ဆက်ဖ် (PTI) အကြား ငြင်းခုံမှုများ ဖြစ်ပေါ်လာသည်။

ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆော်လ်မန် ပါကစ္စတန်ခရီးစဉ် ရွှေ့ဆိုင်းရခြင်း၏ အကြောင်းရင်းက ပါကစ္စတန်တွင် PTI ပါတီ၏ အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်မှု ရှိနေ၍ ဖြစ်ကြောင်း ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ အကြီးတန်းခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုပြီးနောက် အဆိုပါ အငြင်းအခုံများ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု The News International က ဖော်ပြသည်။

“လွန်ခဲ့တဲ့ ၇ နှစ်က အီမရန် ခန်း ပထမဆုံးအကြိမ် ထိုင်သပိတ်လုပ်တုန်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပါကစ္စတန် ခရီးစဉ် ဖျက်သိမ်းမှုကို ဖြစ်စေခဲ့တယ်။ ခုတစ်ကြိမ် ဆော်ဒီ အိမ်ရှေ့စံရဲ့ ခရီးစဉ် ရွှေ့ဆိုင်းတာကလည်း လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာ လုပ်မယ်လို့ PTI က ကြေညာထားတဲ့ ထိုင်သပိတ်ကြောင့် ဖြစ်ပါတယ်။ ဒီလူ (အီမရန် ခန်း) က နိုင်ငံကို ဆန့်ကျင်မယ့် အစီအစဉ် လုပ်နေတာပါ” ဟု အာဆစ်ဖ်က တွစ်တာတွင် ရေးသည်။

ဆော်ဒီ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် မိုဟာမက် ဘင် ဆော်လ်မန်၏ ပါကစ္စတန် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်ဟု ဆော်ဒီ နိုင်ငံခြားရေးရုံး (FO) က နိုဝင်ဘာ ၁၂ ရက်တွင် အတည်ပြုကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထို့ပြင် PTI ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖာဝက်ဒ် ချောက်ဟ်ရီသည် ယခုကိစ္စနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်နှင့် တွစ်တာတွင် အချင်းများခဲ့ကြောင်း The News International က ဖော်ပြသည်။

“ပထမဆုံး ပြောရရင် ခါဝါဂျာ အာဆစ်ဖ်ဟာ ပါကစ္စတန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဖြစ်ပေမယ့် ကျင့်ဝတ်ပိုင်းမှာတော့ တော်တော်လေး နိမ့်တဲ့သူပါပဲ။ သူ့အနေနဲ့ အလိမ်အညာ စကားပြောဖို့ ဝန်မလေးတဲ့ ပုံပဲ။ တကယ်တော့ မိုဟာမက် ဘင် ဆော်လ်မန်ဟာ ပါကစ္စတန်မှ မဟုတ်ပါဘူး၊ အာရှ ဒေသတစ်ခုလုံးကို လာမယ့်ခရီးကို ရွှေ့ဆိုင်းခဲ့တာပါ” ဟု ချောက်ဟ်ရီက တွစ်တာတွင် ရေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required