ပါကစ္စတန်ဝန်ကြီးချုပ်က စစ်တပ်အကြီးအကဲသစ်ခန့်ရန် ဖမ်းဝရမ်းထုတ်ခံထားရသူနှင့် တိုင်ပင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဝေဖန်

By The News International
20 November 2022
ပါကစ္စတန်ဝန်ကြီးချုပ်က စစ်တပ်အကြီးအကဲသစ်ခန့်ရန် ဖမ်းဝရမ်းထုတ်ခံထားရသူနှင့် တိုင်ပင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် စစ်တပ်အကြီးအကဲသစ် ခန့်အပ်ရေးကိစ္စနှင့်ပတ်သက်ပြီး ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် နာဝက်ဇ် (PMLN) ပါတီ၏ အကြီးအမှူး တရားခံပြေးတစ်ယောက်ဖြစ်သူ နာဝက်ဇ် ရှာရစ်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဝေဖန်ပြောဆိုလိုက်သည်။

စစ်တပ်အကြီးအကဲသစ် ခန့်အပ်မှုကိစ္စအတွက် နာဝက်ဇ် ရှာရစ်နှင့် ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ရာ ရောက်ခဲ့ကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအကြီးအကဲ အီမရန် ခန်းက လာဟိုးမြို့ နေအိမ်မှတစ်ဆင့် ခရီးဝေးချီတက် ပွဲပါဝင်သူများကို မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောဆိုသည်။

“ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ စစ်တပ်အကြီးအကဲခန့်ဖို့ကိစ္စအတွက် တရားခံပြေးတစ်ယောက် (နာဝက်ဇ်) နဲ့ ဘာလို့များ ဆွေးနွေးတိုင်ပင်နိုင်ရတာလဲ” ဟု ခန်းက ပြောသည်။ ဝန်ကြီးချုပ် ရှာဘတ်ဇ်၏ ပြီးခဲ့သည့် သီတင်းပတ် လန်ဒန်ခရီးစဉ်ကို ခန်းက ရည်ညွှန်းခြင်းလည်း ဖြစ်သည်။

“စီရင်ချက်ချခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်က ခုချိန်မှာ ပါကစ္စတန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်ဆိုတာကို စဉ်းစားကြည့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ” ဟု ခန်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရားရုံးတွင်လည်း လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနှင့် ဆန့်ကျင်လုပ်ဆောင်လိမ့်မည်ဟု ၎င်းက ပြောသည်။

လက်ရှိ အာဏာရ မဟာမိတ်ခေါင်းဆောင်များသည် ၎င်းတို့၏ ကြွယ်ဝမှုများကို ကာကွယ်ရန်အတွက်သာ စဉ်းစားနေကြသည်ဟု ဝန်ကြီးချုပ်ဟောင်း ခန်းက ပြောပြီး နိုင်ငံအတွက် အရေးကြီး ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ၎င်းတို့အပေါ်တွင် ယုံကြည်သင့်၊မသင့် မေးခွန်းထုတ်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required